- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
လာမည့်နှစ်တွင် မြန်မာ့လူဦးရေထက်ဝက်ခန့် ဆင်းရဲတွင်းနက်ဖွယ်ရှိ
မြန်မာနိုင်ငံတွင် မြို့နေလူတန်းစားအကြား ဆင်းရဲမွဲတေမှုသည် လာမည့် ၂၀၂၂ ခုနှစ်တွင် သုံးဆအထိမြင့်တက်ကာ မြန်မာ့လူဦးရေ ထက်ဝက်နီးပါးသည် ဆင်းရဲမှုဒဏ် ခံရဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Dec 2021

DMG ၊ ဒီဇင်ဘာ ၃
မြန်မာနိုင်ငံတွင် မြို့နေလူတန်းစားအကြား ဆင်းရဲမွဲတေမှုသည် လာမည့် ၂၀၂၂ ခုနှစ်တွင် သုံးဆအထိမြင့်တက်ကာ မြန်မာ့လူဦးရေ ထက်ဝက်နီးပါးသည် ဆင်းရဲမှုဒဏ် ခံရဖွယ်ရှိသည်ဟု ကုလသမဂ္ဂက ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုဗစ်ကပ်ရောဂါဘေးနှင့် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုတို့သည် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း ရရှိခဲ့သည့် တိုးတက်မှုများကို ခြိမ်းခြောက်လျက်ရှိသည်ဟုလည်း ရိုက်တာသတင်းက ဖော်ပြသည်။
မြန်မာသည် ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် မကြုံဖူးသေးသည့် ဆင်းရဲချို့တဲ့မှုအနေအထားသို့ ပြန်ရောက်နိုင်ခြေ ရှိနေသည်ဟု မိသားစု ၁၂၀၀ ကို တွေ့ဆုံကောက်ယူခဲ့သည့် စစ်တမ်းတစ်ခုကို ကိုးကားပြီး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ပြောကြားသည်။
“ယခုနှုန်းထားမျိုးဖြင့် ဆင်းရဲတွင်းသို့ ကျဆင်းသွားခြင်းသည် လူလတ်တန်းစားများ ပျောက်ကွယ်သွားမည့်အဓိပ္ပာယ် ဖြစ်ပြီး ပဋိပက္ခနွံမှ မြန်မြန်ဆန်ဆန် ရုန်းထွက်နိုင်ရေးအတွက် နိမိတ်မကောင်းသည့်သဘော” ဖြစ်ကြောင်း UNDP ၏ အာရှပစိဖိတ် ညွှန်ကြားရေးမှူး ကန်နီဝီနာရာဂျာက ကြေညာချက်တစ်စောင်၌ ထည့်သွင်းပြောကြားထားသည်။
အဆိုးဆုံးခန့်မှန်းချက်အားဖြင့် ဆင်းရဲမှုသတ်မှတ်ချက်အောက်တွင် ရှိနေသူအရေအတွက်သည် ၂၄.၈ ရာခိုင်နှုန်းမှ နှစ်ဆတိုးကာ ၄၆.၃ ရာခိုင်နှုန်းအထိ ရှိလာနိုင်ပြီး မြို့ပြလူတန်းစား၏ ဆင်းရဲမှုနှုန်းထားမှာ ၂၀၁၉ ခုနှစ်က ၁၁.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ တွင် သုံးဆတိုးကာ ၃၇.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
UNDP က စစ်တမ်းကောက်ခံခဲ့သူများအနက် မြို့ပြမှ ဖြေကြားသူ ထက်ဝက်ခန့်က ၎င်းတို့တွင် စုဆောင်းထားသည်များ မကျန်တော့ကြောင်း ဖြေကြားခဲ့ကြပြီး သုံးပုံတစ်ပုံခန့်ကလည်း ဆိုင်ကယ်များ ရောင်းချလိုက်ရပြီဟု ဖြေကြားခဲ့ကြကြောင်း ဖော်ပြသည်။
မိသားစုများ၏ စားသောက်မှုပမာဏသည် ပိုမိုနည်းပါးလာပြီး ကျောင်းထွက်ရမှုများလည်း မြင့်တက်လာသည်ဟု ဖြေကြားကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ရန်ကုန်နှင့် မန္တလေးတို့ကဲ့သို့ အဓိကမြို့ကြီးများတွင် ယခင်က လူလတ်တန်းစားများ မြင့်တက်နေခဲ့ရာမှ ယခုအခါ အသေးစားစီးပွားရေးလုပ်ငန်းများ အရေအတွက် ကျဆင်းလျက်ရှိသလို ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု၊ အထည်ချုပ် လုပ်ငန်းများတွင်လည်း အလုပ်အကိုင် ဆုံးရှုံးရမှုများ၊ လစာလျှော့ချမှုများ ရှိနေကြောင်း UNDP က ပြောသည်။
တစ်စုံတစ်ရာ တုံ့ပြန်ဖြေရှင်းပေးခြင်းမျိုးသာ မရှိပါက ယခုဖြစ်ရပ်များသည် မျိုးဆက်တစ်ခုလုံးအထိ ရိုက်ခတ်သွားနိုင်ကြောင်းလည်း ကုလအရာရှိ ကန်နီဝီနာရာဂျာက ပြောကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။