သြစတြေးလျစွမ်းအင်ကုမ္ပဏီ Woodside Petroleum မြန်မာနိုင်ငံမှ လုပ်ငန်းများရုပ်သိမ်းမည်

သြစတြေးလျစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Woodside Petroleum သည် မြန်မာနိုင်ငံ၌ လည်ပတ်နေသည့် ၎င်း၏ လုပ်ငန်းများအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်က တိုတယ်နှင့် ချက်ဗရွန် စွမ်းအင်ကုမ္ပဏီများက မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် Woodsite ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

28 Jan 2022

ဓာတ်ပုံ - AP

DMG ၊ ဇန်နဝါရီ ၂၈

သြစတြေးလျစွမ်းအင်ကုမ္ပဏီကြီးဖြစ်သည့် Woodside Petroleum သည် မြန်မာနိုင်ငံ၌ လည်ပတ်နေသည့် ၎င်း၏ လုပ်ငန်းများအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြောကြားသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သီတင်းပတ်က တိုတယ်နှင့် ချက်ဗရွန် စွမ်းအင်ကုမ္ပဏီများက မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီးနောက် Woodsite ၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စွမ်းအင်ရှာဖွေထုတ်လုပ်ခွင့် ပါမစ်အချို့ကို လက်လွှတ်လိုက်ပြီဖြစ်သလို အခြားစီမံကိန်းများကိုလည်း ရပ်ဆိုင်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်သည့် Woodside ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်ရေးသည် “ရွေးချယ်စရာတစ်ခု မဟုတ်တော့” ကြောင်း Woodside ၏ စီအီးအိုဖြစ်သူ Meg O’Neill က ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ပြင်သစ်ကုမ္ပဏီ တိုတယ်နှင့် အမေရိကန်ကုမ္ပဏီ ချက်ဗရွန်တို့သည်လည်း မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှုတည်းက လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးမှု ကျဆင်းလာမှုတို့ကြောင့် မိမိတို့၏ လုပ်ငန်းများကို ရပ်တိုင်းတော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ် သောကြာနေ့က အသီးသီး ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါကုမ္ပဏီကြီးနှစ်ခုသည် မြန်မာ့ကမ်းလွန်၌ မြန်မာအစိုးရပိုင် MOGE ၊ ထိုင်းကုမ္ပဏီ PTTEP တို့နှင့် ပူးပေါင်းပြီး သဘာဝဓာတ်ငွေ့တူးဖော်ရေး ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြန်မာအပေါ် အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုများ တိုးမြှင့်လာပြီးနောက် မြန်မာအာဏာပိုင်များနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် အရေးယူဒဏ်ခတ်ခံရနိုင်ခြေ ရှိနေသဖြင့် ပြည်ပကုမ္ပဏီများသည် မြန်မာနိုင်ငံမှ လုပ်ငန်းများရုပ်သိမ်းပြီး ထွက်ခွာလျက်ရှိကြသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း အမေရိကန် နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေး၊ အမိမြေလုံခြုံရေးနှင့် ကုန်သွယ်မှုကိုယ်စားလှယ်ရုံးတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ဆောင်မည့် ကုမ္ပဏီများအတွက် အကြံပြုချက် ထုတ်ပြန်ခဲ့သည်။

တရားဥပဒေစိုးမိုးရေး ပျက်ယွင်းမှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည့် မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် စီးပွားရေးလုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေများကို ချိုးဖောက်မှု၊ ငွေကြေးခဝါချမှုအပြင် အခြားသော တရားစွဲဆိုမှုများ ရင်ဆိုင်ရနိုင်ခြေ ရှိသဖြင့် အထူးသတိထားကြရန် အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။