အိန္ဒိယအတွက် ခေါင်းခဲစရာဖြစ်နေတဲ့ ရခိုင်အရေး
အိန္ဒိယစစ်တပ်ဟာ မီဇိုရမ်ပြည်နယ်တောင်ပိုင်းက အေအေ အခြေစိုက်စခန်းတွေကို ဖြိုခွဲဖို့အတွက် “နေထွက်ချိန်စစ်ဆင်ရေး” ကို ဆင်နွှဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအပြီးမှာတော့ အေအေဟာ အိန္ဒိယရဲ့အကျိုးစီးပွားတွေကို ပုံမှန်တိုက်ခိုက်မှုတွေ ရှိလာပါတော့တယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကဆိုရင် အိန္ဒိယနိုင်ငံသား ၅ ယောက်ဟာ NLD လွှတ်တော်အမတ်တစ်ယောက်နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်။
21 Apr 2020
ရာဗီ ချန်ဒရာကူးမား မြန်မာပြန်သည်။
အိန္ဒိယဟာ သူ့ရဲ့ ကုလားတန်ဘက်စုံစီမံကိန်းကြီးကို မြန်မြန်ဆန်ဆန် လည်ပတ်နိုင်အောင် ကြိုးစားရင်းနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ ရခိုင်ပဋိပက္ခမှာ ဝင်ပါလျက်သားဖြစ်နေတဲ့ အခြေအနေကို ကြုံနေရပါပြီ။ ဒီအနေအထားဟာ ၁၉၈၀ အလွန်ကာလတွေက သီရိလင်္ကာနိုင်ငံတွင်း ပဋိပက္ခမှာ အိန္ဒိယဝင်ပါခဲ့တဲ့ ဖြစ်စဉ်နဲ့ သွားဆင်နေတာကို တွေ့ရပါတယ်။
မြန်မာ့တပ်မတော်ဟာ ခုချိန်မှာ ရခိုင်ဒေသက လက်နက်ကိုင်အရေးကို ကိုယ်တွယ်ဖြေရှင်းရာမှာ အဖြေမရတဲ့ အနေအထားဖြစ်နေပုံ ရပါတယ်။ ရခိုင်လက်နက်ကိုင်တပ် အေအေရဲ့ ခြေကုပ်စခန်းအတည်တကျမထားဘဲ တိုက်ခိုက်တဲ့ပုံစံတွေကြောင့် တပ်မတော်ဟာ အခက်အကြုံနေရသလို တပ်မတော်သားတွေဟာလည်း အေအေဆီမှာ ဖမ်းဆီးခံရတာ အသတ်ခံရတာတွေ ရှိနေပါတယ်။
ရခိုင်ဟာ တရုတ်နဲ့ အိန္ဒိယရဲ့ အရေးပါတဲ့စီမံကိန်းတွေ ရှိနေလို့ မဟာဗျူဟာအရ အရေးပါတဲ့ဒေသတစ်ခု ဖြစ်နေပါတယ်။ ကျောက်ဖြူမှာဆိုရင် တရုတ်ရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းဟာ ပြီးစီးသွားပြီဖြစ်သလို ယူနန်နဲ့ဆက်သွယ်ထားတဲ့ ရထားလမ်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ အပါအဝင် အထူးစီးပွားရေးဇုန်ကိုလည်း ဆက်လှမ်းနေပါပြီ။ အိန္ဒိယဟာ စစ်တွေဆိပ်ကမ်းကို ပြန်လည်ပြုပြင်ထားပြီး မီဇိုရမ်ဒေသကို ကုလားတန်မြစ်ကတစ်ဆင့် ဆက်သွယ်ရာမှာ အသုံးပြုနိုင်အောင် ကြိုးစားနေပါတယ်။
ရက္ခိုင့်တပ်တော် အေအေ အရေးဟာ ထည့်တွက်လာရတဲ့ အနေအထားဖြစ်လာတဲ့အတွက် အိန္ဒိယဟာ မြန်မာတပ်မတော်ကို အကူအညီပေးလိုပါတယ်။ ဒီနည်းနဲ့ တပ်မတော်ဟာ ရခိုင်လက်နက်ကိုင်တွေကို ချေမှုန်းနိုင်မယ်၊ ဒါဆို ကုလားတန်စီမံကိန်းကို ပြီးအောင်ဆောင်ရွက်နိုင်မယ် ဆိုတဲ့စိတ်ကူးနဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယဟာ ခြေလှမ်းကျွံသွားတာမျိုးလည်း မဖြစ်ချင်ပါဘူး။ လက်နက်ကိုင်တွေဘက်က တုံ့ပြန်လာနိုင်တဲ့ အခြေအနေကို ရှောင်ချင်လို့ဖြစ်ပါတယ်။ စစ်ဘက်အရာရှိတွေနဲ့ သုံးသပ်သူတွေကလည်း သတိကြီးကြီးထားဖို့၊ ရခိုင်အရေး သပွတ်အူထဲမှာ ဝင်မပါဖို့ သတိပေးထားကြပါတယ်။
နှစ်နဲ့ချီ နှောင့်နှေးနေခဲ့ပြီးနောက်မှာတော့ အိန္ဒိယဟာ ၁၀၉ ကီလိုမီတာအရှည် ကားလမ်းဖောက်လုပ်ရေး စီမံကိန်းကို စတင်ခဲ့ပါတယ်။ ဒီလမ်းဟာ ပလက်ဝကနေ မီဇိုရမ်ပြည်နယ်ထဲက ဇိုရင်ပွီးအထိ ရှည်တဲ့ကားလမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းဟာ ဝေလည်လည်နဲ့ ခရီးမတွင်ဖြစ်နေရပါတယ်။ အကြောင်းရင်းတွေထဲက တစ်ခုကတော့ အေအေအဖွဲ့ရဲ့ ထပ်တလဲလဲ အနှောင့်အယှက်ပေးမှုတွေ ဖြစ်ပါတယ်။ အေအေဟာ လမ်းတံတားဖောက်လုပ်ရေး စီမံကိန်းအလုပ်သမားတွေကိုလည်း ပြန်ပေးဆွဲခဲ့ပါသေးတယ်။ ဒီစီမံကိန်းကြီးပြီးစီးသွားရင် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်အထိ ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်လာမှာပါ။
ဒီစီမံကိန်းဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဒါလီဒါဇီယာ လက်ထက်မှာ အိန္ဒိယအရှေ့မြောက်ဘက်အထိ ရေကြောင်းသယ်ယူပို့ဆောင်ရေး လမ်းကြောင်းအဖြစ် စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အစိုးရ လက်ထက်မှာတော့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကနေ ဖြစ်သန်းခွင့်ပြုဖို့ သဘောတူခဲ့တဲ့အတွက် ကုလားတန်စီမံကိန်းဟာ မူလရည်ရွယ်ချက်ကနေ သွေဖီပြီး ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ် အတွက်ပဲ ဦးစားပေးသွားတာဖြစ်ပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံတွင်း ကုလားတန်စီမံကိန်းရဲ့ တခြားအစိတ်အပိုင်းတွေ အကုန်ပြီးစီးနေပါပြီ။ ပြီးစီးသွားတဲ့အထဲမှာ စစ်တွေဆိပ်ကမ်း ဆောက်လုပ်တာ၊ ပလက်ဝ မြစ်ညာပိုင်းမှာ ဆိပ်ခံတံတားဆောက်တာ၊ ကုလားတန်မြစ်ထဲက သောင်တွေကို တူးတာတွေ ပါဝင်ပါတယ်။ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးအတွက် မြန်မာနယ်စပ်ကနေ အိုက်ဇောအထိ ၃၀၀ ကီလိုမီတာအရှည် လေးလမ်းသွား လမ်းမကြီးကိုလည်း အိန္ဒိယရူပီး ၆၀၀၀ ခရော (၆၀ ဘီလျံ) အကုန်ကျခံဆောက်လုပ်ဖို့ ရှိနေပါတယ်။ ဒီအတွက် ပလက်ဝ-ဇိုရင်ပွီး လမ်းကြော ပြီးစီးရေးဟာ ကုလားတန်စီမံကိန်းကြီး လည်ပတ်ရေးမှာ အဓိကကျတဲ့နေရာမှာ ရှိနေပါတယ်။
အိန္ဒိယစစ်တပ်ဟာ မီဇိုရမ်ပြည်နယ်တောင်ပိုင်းက အေအေ အခြေစိုက်စခန်းတွေကို ဖြိုခွဲဖို့အတွက် “နေထွက်ချိန်စစ်ဆင်ရေး” ကို ဆင်နွှဲခဲ့ပါတယ်။ ဒီစစ်ဆင်ရေးအပြီးမှာတော့ အေအေဟာ အိန္ဒိယရဲ့အကျိုးစီးပွားတွေကို ပုံမှန်တိုက်ခိုက်မှုတွေ ရှိလာပါတော့တယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကဆိုရင် အိန္ဒိယနိုင်ငံသား ၅ ယောက်ဟာ NLD လွှတ်တော်အမတ်တစ်ယောက်နဲ့အတူ ပြန်ပေးဆွဲခံခဲ့ရပါတယ်။
မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဇိုရမ်သန်ဂါဟာ လက်နက်ကိုင်သူပုန်ဟောင်းတစ်ဦး ဖြစ်ခဲ့ဖူးပြီး အိန္ဒိယ-မြန်မာ နယ်စပ်မှာလှုပ်ရှားနေတဲ့ လက်နက်ကိုင်သူပုန်တွေနဲ့ အနီးကပ်ဆက်ဆံရေး ရှိသူတစ်ဦးဖြစ်ပါတယ်။ အိန္ဒိယအလုပ်သမားတွေနဲ့ လွှတ်တော်အမတ်တစ်ဦး ပြန်လည်လွတ်မြောက်လာတဲ့ကိစ္စမှာ သူက အဓိက ကူညီပေးခဲ့သူဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးကတော့ ဖမ်းဆီးခံထားရတုန်း သေဆုံးခဲ့ပါတယ်။
၂၀၁၉ မတ်လ တုန်းကလည်း အေအေလက်နက်ကိုင်တပ်ဟာ ပလက်ဝမြစ်ကူးတံတား စီမံကိန်းအတွက် သံဘောင် ၃၀၀ သယ်ဆောင်လာတဲ့သင်္ဘောကို မီးရှို့ဖျက်ဆီးပြီး သင်္ဘောပေါ်မှာပါလာသူတွေကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီအချက်တွေကပဲ အိန္ဒိယစစ်တပ်ကို မြန်မာ့တပ်မတော်နဲ့ အနီးကပ်ဆက်ဆံရေး တည်ဆောက်ပြီး နေထွက်ချိန်စစ်ဆင်ရေး ဆင်နွှဲအောင် တွန်းအားပေးခဲ့ပုံရပါတယ်။
“တရုတ်က ကျွန်တော်တို့ကို အသိအမှတ်ပြုတယ်။ အိန္ဒိယကတော့ အသိအမှတ်မပြုဘူး” ဆိုပြီး အေအေရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက မကြာသေးခင်ကပဲ မြန်မာမီဒီယာတစ်ခုကို ဖြေကြားထားတာရှိပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ အေအေကို လူရာမသွင်းတဲ့ အိန္ဒိယအပေါ် မကျေနပ်ကြောင်း ဖော်ပြတဲ့အပြုအမူအဖြစ် ယူဆကြပါတယ်။
တရုတ်ကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေ နှောင့်ယှက်မခံရအောင် ယခုလိုစီစဉ်ထားတာ ဖြစ်နိုင်ပါတယ်။ ဘေကျင်းအစိုးရဟာ ဖက်ဒရယ်အစိုးရ၊ တပ်မတော်နဲ့ အနီးကပ်ဆက်ဆံရေး တည်ဆောက်ထားသလို လက်နက်ကိုင်အုပ်စုတွေ အထူးသဖြင့် မြောက်ပိုင်းမဟာမိတ်အုပ်စုနဲ့လည်း ဒီဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။ ရခိုင်လက်နက်ကိုင်တပ်ကို တရုတ်ကထောက်ပံ့ထားတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေတော့ မတွေ့ရပါဘူး။ ဒါပေမဲ့ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းလို မဟုတ်ဘဲ ကျောက်ဖြူမှာရှိတဲ့ တရုတ်စီမံကိန်းဟာ အနှောင့်အယှက်ပေး မခံရတာကို ကြည့်ရင်တော့ သံသယဖြစ်စရာကောင်းနေပါတယ်။
အေအေကတော့ သက်ဆိုင်သူတွေကသာ သူတို့ရဲ့တည်ရှိမှုကို အသိအမှတ်ပြုပြီး တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ချက်တွေကို ရပ်တန့်ပေးမယ်ဆိုရင် သူတို့အနေနဲ့ ရခိုင်ပြည်နယ်ထဲက နိုင်ငံတကာစီမံကိန်းတွေကို ကန့်ကွက်စရာမရှိကြောင်း ပြောကြားထားပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်းက သူပုန်တွေနဲ့ ဆွေးနွေးရေးစကားဝိုင်း ဖြစ်မြောက်အောင် ကူညီပေးနေသူတစ်ဦး ဖြစ်တဲ့ အုပ်ချုပ်ရေးမှူး ဇိုရမ်သန်ဂါကတော့ အိန္ဒိယစစ်တပ်ရဲ့ ရခိုင်အပေါ် ပြုမူဆောင်ရွက်ချက်တွေကို သဘောမတူပါဘူး။ ဒီအစား သူ့ရဲ့ သြဇာအာဏာကို အသုံးပြုပြီး အေအေနဲ့ ညှိနှိုင်းကာ ကုလားတန်စီမံကိန်းကို အပြီးသတ်ချင်ပါတယ်။ မီဇိုရမ်ပြည်နယ်အတွက် အရေးပါနေတဲ့ ဒီစီမံကိန်းကြီးကို အချိန်မဆွဲဘဲ အပြီးသတ်ချင်တဲ့သဘော ရှိပါတယ်။
ကက်ရှ်မီးယားနဲ့ အရှေ့မြောက်ဒေသ လုံခြုံရေး၊ တရုတ် ပါကစ္စတန်တို့နဲ့ ထိစပ်နေတဲ့ ရှည်လျားလှတဲ့ နယ်စပ်တကြော လုံခြုံရေးတွေ တာဝန်ယူနေရတဲ့ အိန္ဒိယစစ်တပ်ဟာ ရခိုင်အရှုပ်အထွေးမှာ ဝင်မပါနိုင်သေးပါဘူး။
အိန္ဒိယအတွက် မေးစရာရှိလာတာက လက်ရှိအုပ်ချုပ်နေတဲ့မြန်မာအစိုးရ၊ မြန်မာစစ်တပ်တို့နဲ့ ရှိထားတဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းပြီး မြန်မာအပေါ်ထားရှိတဲ့ အိန္ဒိယရဲ့မူဝါဒကို ပိုကောင်းအောင်လုပ်ရုံပဲလား၊ ဒါမှမဟုတ် သူ့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့လို လက်နက်ကိုင်အုပ်စုတွေ၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) လိုအဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ သီးသန့်မူဝါဒတွေ ချမှတ်မလား ဆိုတာပါပဲ။
ဇိုရမ်သန်ဂါလို လူတစ်ယောက် ရှိနေချိန်မှာတော့ အိန္ဒိယအနေနဲ့ ရက္ခိုင့်တပ်တော် အေအေနဲ့ မြန်မာစစ်တပ်ကို စားပွဲဝိုင်းတစ်ခုပေါ်ရောက်လာအောင် ဆွဲခေါ်နိုင်မယ့် အနေအထားမှာ ရှိနေတာကို ထည့်တွက်စဉ်းစားရမှာပဲ ဖြစ်ပါတယ်။
ရာဗီ ချန်ဒရာကူးမား မြန်မာပြန်သည်။
(မူရင်း - ဆောင်းပါးရှင် Subir Bhaumik ၏ India's Rakhine headache)