မြန်မာ့စွမ်းအင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားကုမ္ပဏီများ အကဲခတ်နေ
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက်တွင် ရုရှားသည် မြန်မာ၏ အနီးဆုံး မိတ်ဘက်နိုင်ငံ ဖြစ်လာခဲ့သည်။
10 Jul 2024
မြန်မာနိုင်ငံ၏ စွမ်းအင်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ရုရှားနှင့် မြန်မာအကြား ဆွေးနွေးမှုများ ရှိနေကြောင်း ရုရှားစွမ်းအင်ဝန်ကြီးဌာနက ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ပထမအကြိမ် အစည်းအဝေးကို မကြာသေးမီက ကျင်းပခဲ့ကြောင်းလည်း ဝန်ကြီးဌာနက ပြောကြားကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက်တွင် ရုရှားသည် မြန်မာ၏ အနီးဆုံး မိတ်ဘက်နိုင်ငံ ဖြစ်လာခဲ့သည်။
ရုရှားသည် မြန်မာနိုင်ငံတွင် သုတေသနဓာတ်ပေါင်းဖို ဆောက်လုပ်ရေး အစီအစဉ်အတွက်လည်း အကူအညီပေးနေသည်။ ပြီးခဲ့သော အောက်တိုဘာလတွင်လည်း ရန်ကုန်သို့သွယ်တန်းသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးတွင် ရုရှားဘက်က ပါဝင်ဆောင်ရွက်ရန်အတွက် ရုရှားစွမ်းအင်ဝန်ကြီးဌာနမှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မြန်မာအကြား ဆွေးနွေးညှိနှိုင်းမှုများ ရှိခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။