- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
စီးပွားရေးနှင့်ယှဉ်လာသည့်အခါ လူ့အခွင့်အရေးက နောက်ဆုတ်ပေးရစမြဲ
တရုတ်နှင့်ရုရှားအပြင် တစ်ကမ္ဘာလုံးအတိုင်းနှင့် မြန်မာနိုင်ငံနှင့်စီးပွားရေး ပတ်သက်ဆက်နွယ်မှု အခြေအနေများအရ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေဖွယ်ရာရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ရပ်တန့်သွားအောင် ဖိအားပေးရန် မစွမ်းသာသည့်အခြေအနေတွင် ရောက်ရှိလျက်ရှိသည်။
01 Feb 2020
ICJ မှ မြန်မာနိုင်ငံအပေါ် မွတ်ဆလင် (မူရင်းတွင် ရိုဟင်ဂျာ ဟုဖော်ပြ) အရေးနှင့်ပတ်သက်ပြီး ၎င်းတို့ကို သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အိမ်များနှင့်ကျေးရွာများကို ဖျက်ဆီးခြင်း တို့အပြင် မည်သည့်ပုံစံမျိုးနှင့်မဆို ညှဉ်းပန်းနှိပ်စက်ခြင်းများကို ချက်ချင်းရပ်တန့်ရန်အပါအဝင် အရေးပေါ်အစီအမံ ၄ ရပ်လုပ်ဆောင်ရန် အမိန့်ချမှတ်လိုက်ခြင်းကို အားလုံးအသိပင် ဖြစ်သည်။
ICJ က ထိုသို့အမိန့်ချမှတ်လိုက်သော်လည်း တကယ်တမ်းတွင် ထိုအမိန့်အတိုင်း မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်လာအောင် ဖိအားပေးနိုင်စွမ်း ICJ တွင်မရှိပေ။ မြန်မာနိုင်ငံကို ICJ တွင်တရားစွဲဆိုသော ဂမ်ဘီယာနိုင်ငံအနေနှင့် ICJ ၏ အမိန့်အတိုင်း မြန်မာနိုင်ငံမှ လိုက်နာလာအောင် ဖိအားပေးစေလိုလျှင် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ ချဉ်းကပ်ရမည်ဖြစ်သည်။ လုံခြုံရေးကောင်စီကသာ ICJ ၏အမိန့်အတိုင်း မြန်မာနိုင်ငံကလိုက်နာလာအောင် အင်အားသုံးပြီး ဖိအားပေးနိုင်မည် ဖြစ်သည်။ ထိုအခြေအနေကပင် မြန်မာနိုင်ငံအတွက် ICJ ၏အမိန့်ကို အရေးမစိုက်ပဲနေချင်လျှင် နေနိုင်ခွင့်ရှိနေစေခြင်း ဖြစ်သည်။
လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအနက်မှ နှစ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ အဓိကမဟာမိတ်နိုင်ငံများဖြစ်သော တရုတ်နှင့် ရုရှားတို့ဖြစ်ပြီး ကျန် ၃ နိုင်ငံမှာ အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့ဖြစ်ကြသည်။ တရုတ်နှင့် ရုရှား ၂ နိုင်ငံစလုံး သည် ယခင်က မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ်ဖိအားပေးရန် ဆောင်ရွက်မှုများကို တားမြစ်ခဲ့ဖူးသည့် သာဓကများရှိသည်။ အနီးဆုံးသာဓကအနေနှင့်ပြရလျှင် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက လုံခြုံရေးကောင်စီမှနေပြီး မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းနှင့် တိုက်ပွဲများကြောင့် ထိခိုက်မှုရှိသောဒေသများအားလုံးတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ရရှိရန်အရေးကြီးကြောင်း ကြေညာချက်တစ်ရပ် ထုတ်ပြန်မည့်ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှားနိုင်ငံတို့က ကန့်ကွက်ခဲ့သည်။
မြန်မာနိုင်ငံက စီးပွားရေးနှင့် စစ်ရေးအရ တရုတ်၊ ရုရှားတို့နှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွယ်မှုများရှိနေရာ တရုတ်နှင့် ရုရှားတို့က ယခု ICJ ၏ဆုံးဖြတ်ချက်အရေးနှင့်ပတ်သက်၍ဆက်လက်၍ အကာအကွယ်ပေးသွားမည်မှာ သေချာလျက်ရှိရာ လုံခြုံရေးကောင်စီအနေနှင့် လာမည့် လပိုင်းအတွင်းနှင့်နှစ်များအတွင်း ဖိအားပေးသွားနိုင်စရာ လမ်းမမြင်ပေ။
တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုလအစောပိုင်းက မြန်မာနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိစဉ်အတွင်း နားလည်မှုစာချွန်လွှာများနှင့် သဘောတူညီမှုများအပါအဝင် သဘောတူညီချက် ၃၃ ခုအထိလက်မှတ်ရေးထိုးကာ ဘင်္ဂလားဒေ့ရှ်နှင့် ကျန်တစ်ကမ္ဘာလုံးကို တရုတ်နှင့်မြန်မာကြား မဟာဗျူဟာမြောက်ခိုင်မာသောဆက်ဆံရေး ရှိနေကြောင်း အတိအလင်းပြသသွားခဲ့သည်။ မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အချက်အလက်များအရ ၂၀၁၉ ခုနှစ်အတွင်းတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး နိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်ခဲ့ပြီး နိုင်ငံအတွင်းရင်းနှီးမြုပ်နှံမှု၏ ၂၅.၂၁ ရာခိုင်နှုန်းအထိရှိခဲ့သည်။ ပထမနေရာတွင်ရပ်တည်ခဲ့သည့် နိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတွင်ရင်းနှီးမြုပ်နှံသော နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစုစုပေါင်း၏ ၂၆.၈၆ ရာခိုင်နှုန်းအထိရှိခဲ့သည်။
သမ္မတရှီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရုတ်နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော ပူးတွဲကြေညာချက်တစ်ရပ်တွင်လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာအလယ်တွင် တိုင်းပြည်ဂုဏ်သိက္ခာ၊ တရားဝင်ရပိုင်ခွင့်နှင့် အကျိုးစီးပွားများကို ကာကွယ်သွားနိုင်ရန်ကြိုးပမ်းရာတွင် အခိုင်အမာပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်း၊ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ရှီ၏ယင်းခရီးစဉ်အတွင်းမှာပင် တရုတ်နှင့် မြန်မာတို့သည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများအဓိကဖြစ်ပွားရာနှင့် နိုင်ငံတကာမှစွပ်စွဲနေသော မွတ်ဆလင် များကို သတ်ဖြတ်မှုများ၏ ဗဟိုချက်လည်းဖြစ်သော ကျောက်ဖြူမြို့ရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်စီမံကိန်းနှင့် ပတ်သက်သော သဘောတူညီမှုတစ်ရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့သေးသည်။
ရခိုင်ပြည်နယ်တွင်ရင်းနှီးမြုပ်နှံသည့် နိုင်ငံခြားတိုင်းပြည်မှာ တရုတ်တစ်နိုင်ငံတည်းမဟုတ်ပေ။ ၂၀၁၉ ခုနှစ်အတွင်းက ကမ္ဘာ့ဘဏ်သည် ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပံ့ပိုးကူညီရေးစီမံကိန်းဟူသော အမည်ဖြင့် ပဋိပက္ခများဖြစ်ပွားရာ ရခိုင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ခန့် ရင်းနှီးမြုပ်နှံရန် ကမ်းလှမ်းခဲ့သည့်အတွက် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် NGO များ၏ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။ ကမ္ဘာ့ဘဏ်က ၎င်း၏စီမံကိန်းသည် ရခိုင်ပြည်နယ်အတွင်း ကန့်သတ်မှုများ၊ သို့မဟုတ် အခြားခွဲခြားဆက်ဆံမှု ပုံစံတစ်ခုခုကို အားပေးရာမရောက်စေရန်နှင့် လူမှုအသိုင်းအဝိုင်းများအတွင်း လူမှုရေးသာတူညီမျှမှုနှင့် အပေါင်းလက္ခဏာဆောင်သော ဖလှယ်မှုများ ပေါ်ပေါက်လာအောင်ဖန်တီးပေးနိုင်ရန် အာမခံခဲ့သော်လည်း လူ့အခွင့်အရေးဆိုင်ရာပြဿနာများကို မဖြေရှင်းနိုင်ဘဲနှင့် လုပ်ဆောင်မည့် ပြန်လည်ထူထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ အဓိပ္ပါယ်ပြည့်ဝ လိမ့်မှုရှိလိမ့်မည်ဟု မြင်ယောင်ကြည့်၍မရကြောင်း မြန်မာနိုင်ငံအခြေစိုက် NGO အများအပြားကပင် ဝိုင်းဝန်းဝေဖန်ခဲ့ ကြသည်။
တစ်ဖက်တွင်လည်း ရုရှားသည် မြန်မာစစ်တပ်နှင့် ပြီးခဲ့သောနှစ်ပေါင်းများစွာအတွင်း ခိုင်မာသောဆက်ဆံရေးတစ်ရပ်ရှိခဲ့ ကာ ၂၀၁၈ ခုနှစ်ကပင် အနည်းဆုံးအမေရိကန်ဒေါ်လာ ၂၀၄ သန်းခန့်တန်ဖိုးရှိ တိုက်လေယာဉ်များရောင်းချပေးရန် သဘောတူညီထားခဲ့သေးသည်။ တိုက်လေယာဉ်များအပြင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရုရှားနိုင်ငံတွင် အဆင့်မြင့်စစ်ဘက်ဆိုင်ရာပညာရေး လေ့လာသင်ကြားနေသော မြန်မာစစ်တပ်မှအရာရှိဦးရေမှာ ၆၀၀ ခန့်အထိရှိနေခဲ့သည်။
ထို့ပြင် မြန်မာစစ်တပ်၏စီမံမှုအောက်တွင်ရှိသော စီးပွားရေးအဖွဲ့အစည်းနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့က ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိသော ကမ္ဘာတဝန်းမှကုမ္ပဏီပေါင်းမှာလည်း ၆၀ ခန့်အထိရှိနေသည်။ ထိုအခြေအနေကိုပြောင်းလဲနိုင်ရန်အတွက် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာစစ်တပ်နှင့်ချိတ်ဆက်နေသောစီးပွားရေးလုပ်ငန်းများကို အရေးယူပိတ်ဆို့ရန်နှင့် စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိသောကော်ပိုရေးရှင်းများနှင့် လက်တွဲအလုပ်လုပ်သောစီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာရာဇဝတ်မှုတွင် ကြံရာပါအဖြစ်သတ်မှတ်ရန် ၂၀၁၉ ခုနှစ်အတွင်းက အကြံပြုတင်ပြခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်းက ကျင်းပခဲ့သော ရခိုင်ပြည်နယ်ရင်းနှီးမြုပ်နှံမှုပြပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် ကမ္ဘာကြီးအတွက်စီးပွားရေးတံခါးကို ဖွင့်ထားလျက်ရှိကြောင်းနှင့် အစိုးရအနေဖြင့်လည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေပြီး နိုင်ငံတကာကုမ္ပဏီများအတွက် လုပ်ကိုင်ရလွယ်ကူစေရန် မူဝါဒများ၊ စည်းကမ်း၊နည်းလမ်းနှင့် ဥပဒေများကို ညှိနှိုင်းပြင်ဆင်လျက်ရှိပါကြောင်း ပြောကြားပြီး ပြည်ပရင်းနှီးမြုပ်နှံမှုများကို ဖိတ်ခေါ်ထားသည်။
ထိုကဲ့သို့သော တရုတ်နှင့်ရုရှားအပြင် တစ်ကမ္ဘာလုံးအတိုင်းနှင့် မြန်မာနိုင်ငံနှင့်စီးပွားရေး ပတ်သက်ဆက်နွယ်မှု အခြေအနေများအရ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေဖွယ်ရာရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို ရပ်တန့်သွားအောင် ဖိအားပေးရန် မစွမ်းသာသည့်အခြေအနေတွင် ရောက်ရှိလျက်ရှိသည်။
ထို့ကြောင့် ICJ ၏ဆုံးဖြတ်ချက်မှာ လူ့အခွင့်အရေးအဖွဲ့အစည်းများအတွက် ကြိုဆိုစရာဆုံးဖြတ်ချက်ဖြစ်သော်လည်း တကယ့်လက်တွေ့တွင် လူ့အခွင့်အရေးအကာအကွယ်ပေးမှုများ အမှန်တကယ်ပေါ်ပေါက်လာအောင် ဖိအားပေးနိုင်ရန်မှာမူ အလှမ်းဝေးလွန်းလှသည့် အခြေအနေတွင်သာ ရောက်ရှိလျက်ရှိနေဆဲ ဖြစ်လေသည်။
မောင်ဖြိုး
(The Bangladesh Chronicle တွင်ဖော်ပြထားသော When economics prevails over genocide ဆောင်းပါးကို ဆီလျော်အောင်မှီငြမ်းကိုးကားပြီး ဖော်ပြပါသည်။)