နတ်မြစ်ထဲမှ စက်လှေများ ပစ်ခတ်ခံရမှုအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာသို့ ကန့်ကွက်စာပို့

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ပိုင်းခြားထားသည့် နတ်မြစ်တစ်ဘက်ကမ်း မြန်မာဘက်ခြမ်းတွင် တကျော့ပြန် တိုက်ပွဲများ ယခုရက်ပိုင်း ပြင်းထန်လာပြီးနောက်တွင် ဒါကာက ယခုကဲ့သို့ ကန့်ကွက်စာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

By Admin 13 Jul 2024

ဓာတ်ပုံ - Prothom Alo
ဓာတ်ပုံ - Prothom Alo

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ တက္ကနာနှင့် စိန့်မာတင်ကျွန်း အပြန်အလှန် ပြေးဆွဲနေသည့် စက်လှေများ ပစ်ခတ်ခံရသည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ မြန်မာဘက်သို့ ကန့်ကွက်စာတစ်စောင် ပေးပို့ထားကြောင်း ဘင်္ဂလားဒေ့ရှ်က ပြောကြားသည်။

“ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာဘက်ကို စာတစ်စောင် ပေးပို့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူလူထုကို ကျည်ဆန်နဲ့ ပစ်မှတ်ထားခြင်းမျိုး မဖြစ်သင့်ပါဘူး” ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဒေလီစတား သတင်းဌာနသို့ ယနေ့ပြောကြားသည်။

ရှေ့ပိုင်းတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း ပြောကြားမှုများ ပြုလုပ်ခဲ့သည်ဟု သူကပြောသည်။

“မြန်မာနိုင်ငံထဲက ဘယ်ပဋိပက္ခမဆိုဟာ သူတို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် ပြည်သူလူထုနဲ့ နယ်မြေကိုတော့ ရိုက်ခတ်မှုမရှိသင့်ပါဘူး” ဟု အဆိုပါအရာရှိက ပြောကြားကြောင်း ဒေလီစတားက ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကို ပိုင်းခြားထားသည့် နတ်မြစ်တစ်ဘက်ကမ်း မြန်မာဘက်ခြမ်းတွင် တကျော့ပြန် တိုက်ပွဲများ ယခုရက်ပိုင်း ပြင်းထန်လာပြီးနောက်တွင် ဒါကာက ယခုကဲ့သို့ ကန့်ကွက်စာ ပေးပို့လိုက်ခြင်း ဖြစ်သည်။

ယမန်နေ့ကညကလည်း မြန်မာဘက်ခြမ်းမှ လက်နက်ကြီး ပေါက်ကွဲသံများ တစ်ညဉ့်လုံး ကျယ်လောင်စွာ ကြားခဲ့ရပြီး ယနေ့နံနက် ၁၁ နာရီခန့်အထိလည်း ကြားနေရဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိကပ်နေသည့် ရခိုင်ဘက်မှ မောင်တောမြို့ကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ယခုရက်ပိုင်းတွင် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။ 

ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း မြန်မာဘက်မှ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ဝင်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ရှိကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းဌာနများတွင် ဖော်ပြချက်များအရ သိရသည်။

ဗီဒီယိုများ