- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
မြန်မာစစ်တပ် မြောက်ကိုရီးယားထံမှ လက်နက်အကူအညီ မျှော်လင့်နေသလား
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့ချိန်တည်းက လက်နက်ကိုင် ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီး ရှေ့မတိုးနိုင် ဖြစ်နေရသည်။ မြောက်ကိုရီးယားသည် မြန်မာစစ်တပ်ကို လက်နက်ကြီးကျည် အရင်းအမြစ်နှင့်အတူ လက်နက်ငယ် ကျည်များ ထောက်ပံ့ပေးနိုင်သလို မြန်မာဘက်ကလည်း မြောက်ကိုရီးယားက အသည်းအသန် လိုအပ်နေသည့် ဆန်နှင့် အခြားသော စားနပ်ရိက္ခာများ ပေးအပ်နိုင်သည်ဟု လေ့လာသူများက ယူဆကြသည်။
14 Oct 2023
DMG ၊ အောက်တိုဘာ ၁၄
မြန်မာသည် ၎င်း၏ တရုတ်နိုင်ငံဆိုင်ရာ အထူးသံအမတ်အား မြောက်ကိုရီးယားနှင့်ပါ သံတမန်အရေး ဆောင်ရွက်ရန် တာဝန်ပေးအပ်ခဲ့သည်။ ဤအချက်က စစ်အစိုးရသည် ၎င်း၏ နိုင်ငံတကာဆက်ဆံရေးကို လက်တံကျယ်ကျယ် ဖြန့်ပြီး နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများကို ရှောင်ရှားရန် ကြိုးစားနေသည်ဟူသော စိုးရိမ်မှုများ ထွက်ပေါ်လာစေသည်။
RFA သတင်းဌာန၏ သတင်းတစ်ရပ်အရ ဆိုလျှင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေကို ပြုံယမ်းအတွက်ပါ မြန်မာနိုင်ငံ၏ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ပူးတွဲခန့်အပ်လိုက်သည်ဟု ပြီးခဲ့သော စက်တင်ဘာလ ၁၁ ရက်နေ့က သိရသည်။
ဤသို့ ခန့်အပ်မှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတစ်ယောက် ရုရှားနိုင်ငံသို့ သွားရောက်ပြီး သမ္မတ ဗလာဒီမာပူတင်နှင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုနီးကပ်စွာ တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့သည် လက်နက်အရေး သဘောတူညီချက်တစ်ရပ်အတွက် ဦးတည်ဆွေးနွေးကြဖွယ် ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ထုတ်ဖော်ပြောကြားထားသည်။ အထူးသဖြင့် မော်စကို၏ ယူကရိန်းစစ်ပွဲအတွက် မြောက်ကိုရီးယားဘက်က လက်နက်ကြီးကျည်များနှင့် ဒရုန်းများ ထောက်ပံ့ရန်၊ အပြန်အလှန်အားဖြင့် ရုရှားကလည်း ဒုံးကျည်နှင့် နျူကလီးယားနည်းပညာများ ပေးအပ်ရန် ဖြစ်သည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းခဲ့ချိန်တည်းက လက်နက်ကိုင် ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရပြီး ရှေ့မတိုးနိုင် ဖြစ်နေရသည်။ မြောက်ကိုရီးယားသည် မြန်မာစစ်တပ်ကို လက်နက်ကြီးကျည် အရင်းအမြစ်နှင့်အတူ လက်နက်ငယ် ကျည်များ ထောက်ပံ့ပေးနိုင်သလို မြန်မာဘက်ကလည်း မြောက်ကိုရီးယားက အသည်းအသန် လိုအပ်နေသည့် ဆန်နှင့် အခြားသော စားနပ်ရိက္ခာများ ပေးအပ်နိုင်သည်ဟု လေ့လာသူများက ယူဆကြသည်။
ရုရှားသည် မြန်မာစစ်တပ်အတွက် လက်နက်ခဲယမ်းများ အဓိက ထောက်ပံ့နေသည့်နိုင်ငံ ဖြစ်သည်။ သို့သော်လည်း ယူကရိန်းစစ်ပွဲကြောင့် ဆက်လက်မထောက်ပံ့နိုင်ဘဲ ဖြစ်နေရသည်။
“ဒီအချက်က မြန်မာစစ်တပ်ကို မြောက်ကိုရီးယားနဲ့ လက်နက်ပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ပိုမိုစိတ်ဝင်စားသွားစေပါတယ်။ ကင်အစိုးရကလည်း ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ပြီး စားနပ်ရိက္ခာနဲ့ ကုန်ကြမ်းတွေ လဲလှယ်ဖို့ ဆန္ဒရှိနေတာပါ” ဟု ဆိုးလ်ရှိ Ewha Womans University ၏ နိုင်ငံတကာလေ့လာရေးဌာန ပါမောက္ခတစ်ဦးဖြစ်သူ Leif-Eric Easley က ပြောသည်။
“အပယ်ခံအာဏာရှင် နှစ်ဘက်လုံးက သူတို့ဟာ လုံးလုံး အထီးကျန်ဘဝကို မရောက်သေးဘူးဆိုတာကို ပြည်သူလူထုကို ပြချင်တဲ့အတွက် သံတမန်ရေးအရ အသိအမှတ်ပြုမှုကို အငမ်းမရ လိုချင်နေကြတာ ဖြစ်ပါတယ်” ဟု သူက DW သတင်းဌာနသို့ ပြောကြားသည်။
အာဏာရှင်နှစ်အုပ်စုလုံးသည် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရင်ဆိုင်နေရသူများဖြစ်ကာ မိတ်ဆွေနိုင်ငံ စက်ဝန်းကို ချဲထွင်ရန် ကြံစည်လျက်ရှိသည်။
“တစ်ကျော့ပြန် စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အထီးကျန်မှု မြင့်တက်လာတဲ့ အနေအထားမှာ စစ်အစိုးရဟာ သူ့လိုပဲ အပယ်ခံပြုံယမ်းနဲ့ ဆက်ဆံရေးကို ပြန်အသက်သွင်းနိုင်ပါတယ်” ဟု Easley က ဆိုသည်။
မိတ်ဘက်ပုံစံက မည်သို့ရှိနိုင်သနည်း
တိုကျိုရှိ International Ciristian University မှ နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ Stephen Nagy ကတော့ အထီးကျန်အာဏာရှင်များ မိတ်ဆွေသစ်ရှာဖွေကြသည်မှာ အံ့သြစရာမဟုတ်ဟု ဆိုသည်။
“မြောက်ကိုရီးယားဟာ သူ့ရဲ့ လက်နက်စီမံကိန်းတွေအတွက် ငွေမာကို အသည်းအသည် လိုအပ်နေတယ်။ ဒီလိုအပ်ချက်အတွက်က လက်နက်ဝယ်မရ ဖြစ်နေတဲ့ နိုင်ငံတချို့ကို လက်နက်ခဲယမ်းတွေ ရောင်းချမှုကတစ်ဆင့် ရယူဖို့က လွဲရင် တခြားမရှိဘူးလေ” ဟု သူကဆိုသည်။
မြန်မာဘက်က မြောက်ကိုရီးယားကို သယံဇာတ၊ စားနပ်ရိက္ခာနှင့် ငွေမာတို့ ထောက်ပံ့နိုင်ပြီး အပြန်အလှန်အားဖြင့် လက်နက်ငယ်ကျည်များ၊ ဒရုန်းအပါအဝင် စစ်ရေးကိရိယာများ ရနိုင်ဖွယ်ရှိသည်။
အဆိုပါပစ္စည်းများကို ပို့ဆောင်ရေးကတော့ အကြီးဆုံးအခက်အခဲ ဖြစ်နိုင်သည်ဟု Nagy က ယူဆသည်။ သို့သော်လည်း ငွေကြေးဖလှယ်မှုကိုမူ ခရစ်တိုငွေကြေးကဲ့သို့သော ခြေရာခံရန် ခက်ခဲသည့် နည်းလမ်းများမှတစ်ဆင့် ဆောင်ရွက်နိုင်သည်ဟုလည်း သူက ယူဆသည်။
နှစ်နိုင်ငံလုံးသည် တရုတ်နှင့် နယ်စပ်ချင်း ထိစပ်နေသည်။ သို့သော်လည်း ဘေဂျင်းက ထိုနှစ်နိုင်ငံနှင့် မိတ်ဆွေစက်ဝန်းတွင် ဝင်ပါရန် ဝန်လေးနိုင်သည်ဟု Nagy က ဆိုသည်။
“မြန်မာဟာ အကူအညီအတွက် တရုတ်ဆီမသွားဘဲ မြောက်ကိုရီးယားဆီ ရောက်သွားတာကတော့ စိတ်ဝင်စားစရာပါပဲ” ဟု Nagy က ပြောသည်။
“ဘေဂျင်းဟာ သူ့ရဲ့ပြည်တွင်းစီးပွားရေး အားနည်းနေတဲ့ အချိန်မှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်တိုး ရင်ဆိုင်ရမှာကို ကြောက်နေတဲ့အတွက် တော်တော်လေး ဂရုတစိုက်နဲ့ ရပ်တည်နေတယ်လို့ ယူဆပါတယ်” ဟုလည်း သူကဆိုသည်။
မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး သမိုင်းကြောင်း
မြောက်ကိုရီးယားနှင့် မြန်မာအကြား အသစ်ပေါ်ထွက်လာနိုင်သည့် ဆက်ဆံရေးသည် အတိတ်တွင်မူ မလှသောနောက်ကြောင်း ရှိခဲ့သည်။
၁၉၈၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်ရှိ အာဇာနည်ဗိမာန်၌ ဗုံးပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ တောင်ကိုရီးယားသမ္မတ ချွန်ဒူးဝန် အဆိုပါနေရာသို့ လာရောက်ပြီး ဂါရဝပြုရန် အချိန်အနည်းငယ်အလို၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
သမ္မတသည် ခရီးစဉ်နှောင့်နှေးမှုကြောင့် နောက်ကျနေခဲ့သော်လည်း သူ၏ အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ကြိုအဖွဲ့ဝင်များမှာ ဗုံးပေါက်ကွဲချိန်၌ အဆိုပါနေရာတွင် ရောက်ရှိနေကြပြီဖြစ်ရာ ပေါက်ကွဲမှုကြောင့် ၂၁ ဦးသေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရခဲ့သည်။
တိုက်ခိုက်မှုနောက်ကွယ်တွင် မြောက်ကိုရီးယား စစ်ဘက်အရာရှိသုံးဦး ရှိနေသည်ကို ရဲတပ်ဖွဲ့က မြန်မြန်ဆန်ဆန်ပင် ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။ မြောက်ကိုရီးယား တစ်ဦးမှာ လိုက်လံဖမ်းဆီးခံရစဉ် သေဆုံးသွားသည်။ နောက်တစ်ဦးမှာ ပြစ်ဒဏ်ဝန်ခံရန် ငြင်းဆန်ခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနောက်ပိုင်း ကွပ်မျက်ခံခဲ့ရသည်။
နောက်ဆုံးတစ်ဦးဖြစ်သူ ကင်မင်ချူးသည် တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သူဖြစ်သလို မြောက်ကိုရီးယားအေးဂျင့်လည်း ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။ သူသည် ၂၀၀၈ ခုနှစ်တွင် သေဆုံးခဲ့သည်။
ပြုံယမ်းဘက်ကမူ တောင်ကိုရီးယားခေါင်းဆောင်ကို လုပ်ကြံရန် ညွှန်ကြားခဲ့သည်ဟူသော အချက်အား တောက်လျှောက်ငြင်းပယ်ခဲ့သည်။
အဆိုပါဖြစ်ရပ်အပြီး မြန်မာက သံတမန်ဆက်ဆံရေးကို ချက်ချင်းရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ၂၀၀၇ ခုနှစ်တွင် ပြန်လည်ထူထောင်ခဲ့ကြသည်။ လက်ရှိ အကျဉ်းကျခံနေရသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် နိုင်ငံတကာ၏ ဒဏ်ခတ်အရေးယူမှုများကို လိုက်နာရန်အတွက် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြန်သည်။
‘နိုင်ငံထူထောင်သူ’ ပုံရိပ်ကို တည်ဆောက်နေသော ကင်ဂျုံအန်း
မြောက်ကိုရီးယားမီဒီယာသည် ကင်ဂျုံအန်းနှင့် ပူတင်တို့ တွေ့ဆုံမှုအား နိုင်ငံတကာက စောင့်ကြည့်မှုကို အသုံးချကာ ပြည်တွင်း၌ ခေါင်းဆောင်ကင်၏ ပုံရိပ်ကို မြှင့်တင်လျက်ရှိသည်။
အဆိုပါခရီးစဉ်သည် “နယ်ချဲ့အရင်းရှင်ဝါဒမှ လွတ်မြောက်ခြင်း မူဝါဒအခြေခံဖြင့် မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခဲ့” သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။
Nagy ကတော့ ကင်ဂျုံအန်းကို နိုင်ငံထူထောင်သူ ခေါင်းဆောင်ကြီးအဖြစ် ပုံဖော်ဖန်တီးရာတွင် မြန်မာနှင့် ဆက်ဆံရေးပုံစံသစ်ကိုလည်း အသုံးပြုနိုင်ခြေ ရှိသည်ဟု ထောက်ပြသည်။
“ဒီဟာက သူ့အတွက် ပိုမိုကြီးမားတဲ့ တရားဝင်မှုပေးလိမ့်မယ်။ စီးပွားရေးအကျပ်အတည်းကြီး ရင်ဆိုင်နေရချိန်၊ ကပ်ဘေးကာလမှာ ကမ္ဘာကြီးနဲ့ အဆက်ပြတ်နေခဲ့ခြင်းရဲ့ အကျိုးသက်ရောက်မှု၊ နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖိအား စတာတွေ ရင်ဆိုင်နေရတဲ့ အာဏာရှင်အစိုးရကို အသက်ရှူချောင်စေမှာ ဖြစ်ပါတယ်” ဟု Nagy က ဆိုလေသည်။
စောသန္တာအေး
DW သတင်းဌာနက ဖော်ပြခဲ့သော Is Myanmar looking to North Korea for arms support? ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။