- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ဘူးသီးတောင်က စစ်ကောင်စီ ရဲကင်းစခန်းကို AA ထိုးစစ်ဆင်တိုက်ခိုက်
ဘူးသီးတောင်မြို့နယ်၊ ကထီးလကျေးရွာအနီးရှိ စစ်ကောင်စီ နယ်ခြားစောင့်ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နံနက် ၈ နာရီခန့်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
18 Nov 2023
DMG ၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာအုပ်စု၊ ကထီးလကျေးရွာအနီးရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် ရဲကင်းစခန်းကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၈ နာရီခန့်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါရဲကင်းစခန်းကို AA က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ခုခံပစ်ခတ်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။
“နှစ်ဖက်စလုံးက အခုထိ ပစ်နေကြတယ်။ မနက် ၈ နာရီကတည်းက လက်နက်ကြီး/ငယ်တွေနဲ့ ပစ်နေကြတာ အခုထိ မရပ်ကြသေးဘူး” ဟု ကထီးလကျေးရွာသားတစ်ဦးက ပြောသည်။
ရဲကင်းစခန်းကို AA က ဝင်ရောက်မတိုက်ခိုက်မီ နိုဝင်ဘာလ ၁၆ ရက်နေ့မှစကာ ကထီးလရွာမှ ဒေသခံ ၁,၀၀၀ ခန့်မှာ တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်၍ လုံခြုံရာကျေးရွာများတွင် တိမ်းရှောင်နေကြသည်ဟု သိရသည်။
“တိုက်ပွဲဖြစ်ရင် ရွာထဲကို လက်နက်ကြီးတွေ ကျလာမှာနဲ့ လေယာဥ်နဲ့ ဗုံးကြဲခံရမှာတွေကို ကြောက်လို့ ထွက်ပြေးကြတာပါ” ဟု ထွက်ပြေးတိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့ကလည်း မောင်တောမြို့နယ်က ဒုံးညိုနယ်ခြားစောင့်ရဲကင်းစခန်းကို AA က နံနက် ၁၀ နာရီခန့်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။
ယင်းတိုက်ပွဲအတွင်း စစ်သုံးပန်း (၁၈) ဦးကို လက်နက်အလက် (၄၀)နှင့်အတူ ဖမ်းဆီးရမိပြီး စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြန်လည်စတင်လာပြီး စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲကင်းစခန်းများ၊ ရဲစခန်းများနှင့် ဗျူဟာတပ်စခန်းများကို AA က ထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်မှုများရှိနေသည်။
#D009 #DMG