- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ရခိုင်က စိုက်ပျိုးရေးကဏ္ဍတွင် ဒေသမျိုးရင်း မျိုးစေ့များ ပျောက်ကွယ်လာ
နည်းပညာထုတ်မျိုးစေ့များမှာ အချိန်အတိုအတွင်း သီးနှံဖြစ်ထွန်းအောင်မြင်ခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ သီးနှံများ အရောင်အသွေးလှပခြင်းတို့ကြောင့် ဈေးကွက်အတွင်း လူကြိုက်များ၍ တောင်သူများက ရွေးချယ်စိုက်ပျိုးလာကြသည်။
31 Aug 2023
DMG ၊ ဩဂုတ် ၃၁
ရခိုင်ပြည်က စိုက်ပျိုးရေးကဏ္ဍတွင် ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသည့် မျိုးစေ့အသစ်များကို တွင်ကျယ်စွာ အသုံးပြုလာနေကြသဖြင့် ဒေသမျိုးရင်းမျိုးစေ့များ ပျောက်ကွယ်လာနေကြောင်း တောင်သူများထံမှ သိရသည်။
တောင်သူများမှာ ခရမ်းပင်၊ ငရုတ်ပင်၊ သခွားပင်၊ ပဲပင်၊ ဘူးပင်၊ ဖရုံပင် စသည့် ဟင်းသီးဟင်းရွက်များ အပါအဝင် စပါးမျိုးစေ့ကအစ အလွယ်တကူ ဝယ်ယူစိုက်ပျိုးနိုင်သည့် နည်းပညာထုတ် မျိုးစေ့များကို အသုံးပြုနေကြ၍ ဒေသမျိုးရင်းများမှာ ရှားပါးလာနေပြီဖြစ်သည်။
“ကိုယ့်ဒေသမျိုးစေ့တွေက စိုက်ပျိုးတဲ့လူတွေ မရှိသလောက်ဖြစ်သွားပါပြီ။ အရင်ကဆို ဆောင်းသီးနှံဖြစ်တဲ့ ငရုတ်သီးတို့ဓ ခရမ်းသီးတို့ကို စိုက်ပျိုးတာမျိုး နည်းနည်းရှိကြပေမယ့် အခုက စိုက်ပျိုးရေးဆိုင်တွေက ရောင်းတဲ့ မျိုးစေ့တွေကိုပဲ အလွယ်တကူဝယ်ပြီး စိုက်လာကြတာများတယ်” ဟု ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာမှ တောင်သူ ဦးမောင်ကျော်သောင်းက ပြောသည်။
နည်းပညာထုတ်မျိုးစေ့များမှာ အချိန်အတိုအတွင်း သီးနှံဖြစ်ထွန်းအောင်မြင်ခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ သီးနှံများ အရောင်အသွေးလှပခြင်းတို့ကြောင့် ဈေးကွက်အတွင်း လူကြိုက်များ၍ တောင်သူများက ရွေးချယ်စိုက်ပျိုးလာကြသည်။
မြောက်ဦးမြို့နယ်၊ ညောင်ပင်လှကျေးရွာမှ တောင်သူ ဦးအောင်ကျော်လှက “မိရိုးဖလာ စိုက်ပျိုးလာတဲ့ မျိုးစေ့တွေနဲ့ ဒီစိုက်ပျိုးရေးမျိုးစေ့(ဓာတုနည်းဖြင့် ပြောင်းလဲထားသောမျိုးစေ့)နဲ့က အထွက်နှုန်းက အများကြီးကွာသလို ငွေပေါ်ချိန်မြန်တဲ့ အားသာချက်တွေလည်းကွာတော့ ကိုယ့်မျိုးရင်းတွေကို စိုက်ချင်ပေမယ့် အဆင်မပြေတာတွေရှိပါတယ်” ဟု ပြောသည်။
ဒေသမျိုးရင်းများမှာ သီးနှံအထွက်နှုန်းနည်းပါးခြင်း၊ အချိန်ကြာမြင့်ခြင်း၊ သီးနှံမသန်မာခြင်း စသည့်အားနည်းချက်များ ရှိသော်လည်း သဘာဝအတိုင်းစိုက်ပျိုးရခြင်းဖြစ်၍ လတ်ဆတ်ကာ ကျန်းမာရေးအတွက် ကောင်းမွန်စေသည်။
နည်းပညာထုတ်မျိုးစေ့မှာ သီးနှံအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသော်လည်း မျိုးထပ်ခံ၍ မရသည့်အတွက် မျိုးစေ့ဝယ်ယူ အသုံးပြုရသည့် ကုန်ကျစရိတ်တိုးကာ ဓာတ်တုဆေး မကင်းလွတ်နိုင်ပေ။
ယင်းကြောင့် ဒေသမျိုးရင်းမှာ ရေရှည်စိုက်ပျိုးရေးအတွက် များစွာအကျိုးရှိသဖြင့် စနစ်တကျနှင့် မျိုးကောင်းမျိုးသန့် ထုတ်လုပ်ကာ မပျောက်ကွယ်အောင်ထိန်းသိမ်းသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောဆိုကြသည်။
ရခိုင် အော်ဂဲမြေစိုက်ပျိုးရေး နည်းပညာပေးရေးအဖွဲ့မှ တာဝန်ခံ ကိုရဲထွန်းမြင့်က “ဗီဇပြောင်းထားတဲ့ မျိုးစေ့တွေမှာက မျိုးထပ်ခံလို့မရတဲ့အတွက် တစ်ခါစိုက်ပြီးရင် တစ်ခါဝယ်ရတာမို့ မျိုးစေ့ဝယ်ရတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်။ ကိုယ့်ဒေသမျိုးတွေကလည်း တဖြည်းဖြည်းရှားပါး ပျောက်ကွယ်လာတာတွေ ရှိတာမို့ ကိုယ့်ဒေသမျိုးရင်းတွေကို မျိုးကောင်း၊ မျိုးသန့်ဖြစ်အောင် စနစ်တကျ နည်းပညာတွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်နေပါတယ်” ဟု ပြောသည်။
သို့သော် ရခိုင်တောင်သူများမှာ ဒေသမျိုးရင်းခွဲထုတ်ကာ အဆင်မြှင့်တင်စိုက်ပျိုးရန်အတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်လိုအပ်ချက် စသည့်အခက်အခဲများကြောင့် ပြောင်းလဲစိုက်ပျိုးရန် စိန်ခေါ်မှုရှိနေကြသည်။
ဒေသမျိုးရင်းများကို ထိန်းသိမ်းစိုက်ပျိုးရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်အနေဖြင့် မျိုးကောင်း၊ မျိုးသန့်များကို စနစ်တကျ ဖန်တီးပေးခြင်း၊ ဈေးကွက်ဖော်ဆောင်ပေးခြင်းအပြင် ဒေသခံများမှာလည်း မိမိဒေသထွက် သီးနှံများကို တန်ဖိုးထားရန်လိုအပ်ကြောင်း တောင်သူသမဂ္ဂမှ ထောက်ပြထားသည်။
“ဒေသမျိုးကို ဖက်တွယ်ထားသင့်တယ်ဆိုပေမယ့် အကျိုးရှိစွာ ဖက်တွယ်ဖို့အတွက်လည်း ကြိုးစားသင့်တယ်။ သုတေသနခန်းမတွေနဲ့ မျိုးကောင်း၊ မျိုးသန့်အဖြစ် ဖန်တီးမြှင့်တင်နိုင်အောင် ကြိုးစားရမယ်။ အဲဒါတွေကို သာမာန်လယ်သမားတစ်ဦးချင်းစီ အနေနဲ့တော့ မလုပ်နိုင်ဘူး။ အဓိကတော့ ဒီကဏ္ဍတွေကို အစိုးရတစ်ရပ်က ဦးဆောင်ရမယ်” ဟု ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံကပြောသည်။
ရခိုင်ပြည်တွင် စိုက်ပျိုးဧက ၁၂ သိန်းခွဲကျော် ရှိသည့်အနက် ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်း ၂ ထောင်ကျော်ရှိပြီး လက်ရှိတွင် ဆောင်းသီးနှံစိုက်ပျိုးသည့် ဧက ၆၀ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။
#I008