ရခိုင်စစ်ပွဲ နယ်မြေကျယ်ပြန့်လာ

လက်ရှိတွင် ရခိုင်ပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊  မင်းပြား၊ မြေပုံ စုစုပေါင်းမြို့နယ်(၇) ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။ 

By Admin 25 Nov 2023

ရခိုင်ပြည်၊ ပေါက်တောတိုက်ပွဲတွင် တွေ့ရသော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ - AA Info Desk)
ရခိုင်ပြည်၊ ပေါက်တောတိုက်ပွဲတွင် တွေ့ရသော ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ။  (ဓာတ်ပုံ - AA Info Desk)

DMG ၊ နိုဝင်ဘာ ၂၅  

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲနယ်မြေလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။ 

လက်ရှိတွင် ရခိုင်ပြည် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊  မင်းပြား၊ မြေပုံ စုစုပေါင်းမြို့နယ်(၇) ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။ 

ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက “ရခိုင်မှာ တိုက်ပွဲတွေ ကျယ်ပြန့်လာနိုင်လားဆိုတော့ AA အပေါ်မှာ အများကြီးမူတည်ပါတယ်။ AA က မြို့နယ်တိုင်းမှာ တိုက်ပွဲဖော်နိုင်တဲ့ အင်အားရှိတယ်။ စစ်ကောင်စီကတော့ အင်အားနည်းလာတဲ့အခြေနေမှာ ခံစစ်ဘက်ကပဲရှိနေမှာပါ” ဟု ပြောသည်။ 

တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာမှုနှင့်အတူ စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို စိုးရိမ်ကြောက်လန့်၍ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေမှာလည်း ၆၀,၀၀၀ ကျော်အထိရှိနေသည်။ 

တိုက်ပွဲဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထား၍ တိုက်ပွဲရှောင်များနှင့် ပြည်သူများမှာ စားနပ်ရိက္ခာပြတ်လပ်မှုကို ကြုံတွေ့နေရသည်။ 

“အခုတော့ ရွာသားတွေပေးထားတဲ့ ဆန် ၂ ပြည်လောက်ရှိသေးတယ်။ ဒီဟာကုန်ရင် ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး” ဟု မြေပုံမြို့နယ်၊ ပြည်ခြားကျေးရွာမှ ထွက်ပြေးလာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းကို ပိတ်ထားသည့်အပြင် NGO/INGO နှင့် အရပ်ဖက်အဖွဲ့အစည်း များကိုလည်း လိုက်လံဖမ်းဆီးနေခြင်းကြောင့် ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ရပ်တန့်နေသဖြင့် တိုက်ပွဲရှောင်များမှာ ပို၍အခက်ကြုံတွေ့နေရသည်။ 

ရခိုင်ပြည်အတွင်း အကူအညီလိုအပ်နေသူများအား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး လမ်းခရီးသွားလာခွင့်ပေးရန် ဒေသတွင်း NGO/INGO နှင့် အရပ်ဖက်အဖွဲ့များအပြင် ကုလကပင် တောင်းဆိုထားသော်လည်း ဆက်လက် ကန့်ကတ်ထားဆဲဖြစ်သည်။ 

“တိုက်ပွဲဖြစ်တဲ့နေရာရော၊ တိုက်ပွဲမဖြစ်တဲ့နေရာရော အကုန်လုံးသိမ်းကျုံးပြီး လမ်းတွေပိတ်ထားတာက လုံးဝမဖြစ်သင့်ဘူး။ ပြည်သူတွေကို ဦးတည်ပြီးတော့ တိုက်ခိုက်သလိုဖြစ်နေတယ်။ ဒါကတော့ လုံးဝ ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်တစ်ခုလို့ မြင်တယ်” ဟု ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲစတင်သည့် နိုဝင်ဘာလ ၁၃ ရက်မှ ၂၂ ရက်ထိ ၁၀ ရက်အတွင်း နယ်ခြားစောင့်ရဲကင်းစခန်း (၄) ခုကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။ ယင်းအပြင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ကင်းစခန်းနှင့် ရဲစခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စွန့်လွှတ်ထားခဲ့သည့် စခန်းပေါင်း ၄၀ ကျော်ကိုလည်း သိမ်းပိုက်ထားပြီဟု AA က ထုတ်ပြန်ထားသည်။

#D003 #DMG

ဗီဒီယိုများ