- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
“မုန်တိုင်းပြီးကတည်းက ခြင်တွေပေါလာတယ်။ ရွာမှာက ဆေးရုံဆေးခန်းလည်း မရှိဘူး။ အခုကနေ ခြင်တွေ ဒီလောက်ပေါနေတာ၊ မိုးရာသီဆိုရင် ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအတွက် သိပ်အခက်အခဲ ရှိနိုင်ပါတယ်။"
30 May 2023
DMG ၊ မေ ၃၀
ရခိုင်ပြည်အတွင်း ဝေးလံခေါင်ဖျားဒေသက မုန်တိုင်းဘေးဒဏ်သင့်ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မုန်တိုင်းအလွန် သောက်သုံးရေရှားပါးမှု၊ မသန့်ရှင်းသည့်ရေများကို သုံးစွဲနေရခြင်းတို့ကြောင့် ဒေသခံများမှာ ဝမ်းပျက်၊ဝမ်းလျှောနှင့် ဖျားနာရောဂါများဖြစ်ပွားနေ၍ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိသည်။
ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာတွင် ဝမ်းရောဂါနှင့် နေမကောင်းဖျားနာဖြစ်ပွားသူ ဆယ်ဦးထက်မနည်းရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် မြို့ပေါ်သို့ ရေကြောင်းခရီးဖြင့် ၃ နာရီကြာ သွားနေရကြောင်း ဒေသခံများက ဆိုသည်။
“မုန်တိုင်းပြီးကတည်းက ခြင်တွေပေါလာတယ်။ ရွာမှာက ဆေးရုံဆေးခန်းလည်း မရှိဘူး။ အခုကနေ ခြင်တွေ ဒီလောက်ပေါနေတာ၊ မိုးရာသီဆိုရင် ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအတွက် သိပ်အခက်အခဲ ရှိနိုင်ပါတယ်။ ကျနော်တို့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်” ဟု ပြိန်းတောကျေးရွာမှ ကိုဝေလျံက ပြောသည်။
မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံများ၊ ဆေးရုံဆေးခန်း၊ ကျေးလက်ဆေးပေးခန်း အများအပြားပျက်စီးသွားသဖြင့် မုန်တိုင်းသင့် ကျေးလက်နေပြည်သူများမှာ နေထိုင်ရေးသာမက ကျန်းမာရေးနှင့်ပတ်သက်၍ အခက်အခဲများရှိနေကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြကျော်ကျေးရွာတွင် လူကြီးနှင့်ကလေးငယ် အများအပြား အရေပြားရောဂါဖြစ်ပွားနေသဖြင့် တိုင်းရင်းဆေးဆရာတစ်ဦးခေါ်ယူပြီး ကုသနေရကြောင်း ကျေးရွာသားများက ပြောသည်။
အောင်မြကျော်ကျေးရွာမှ ဒေါ်မလှစိန်က “ကလေးတွေက ခန္ဓာကိုယ်ပေါ်မှာ အဖုတွေ ဖြစ်ကြတယ်။ ဆေးလိမ်းလို့မကောင်းဘူး၊ ဆေးထိုးရတဲ့အခြေအနေ။ ကောင်းတဲ့သူတွေကောင်းသလို မကောင်းတဲ့သူတွေလည်း မကောင်းကြသေးဘူး။ ကျမတို့စိုးရိမ်မိတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
မုန်တိုင်းသင့်ဒေသများတွင် သန့်ရှင်းသောသောက်သုံးရေ ရရှိရန် အခက်အခဲများရှိနေသဖြင့် ရေကြောင့်ဖြစ်သော ရောဂါများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မားလျက်ရှိကြောင်း UOCHA က ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။
“နေပူလိုက်မိုးရွာလိုက်နဲ့ ခြင်တွေအရမ်းပေါတယ်။ ရွာမှာက မြို့နယ်ကျန်းမာရေးဌာနကလာပြီး ဆေးကုသပေးတာလည်း မရှိသေးဘူး။ ကျန်မာရေးဌာနက ကျေးရွာတွေကို ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးစေချင်တယ်” ဟု မြောက်ဦးမြို့နယ်၊ ငမဲပြင်ကျေးရွာမှ ဦးဝင်းမောင်က ပြောသည်။
ရခိုင်ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ခြင်ထောင်များ ဖြန့်ဝေပေးနိုင်ရန်အတွက် ပြည်ထောင်စုထံတင်ပြထားပြီး လက်တလောတွင် မရရှိနိုင်သေးသဖြင့် ကျန်ရှိနေသည့် ဆေးဝါးများနှင့်သာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်နေရကြောင်း ပြည်နယ်ကျန်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မုန်တိုင်းဒဏ်သင့်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကောင်စီထံ INGO ၊ NGO အဖွဲ့အစည်းများက တင်ပြသော်လည်း တိုက်ရိုက်ကူညီထောက်ပံ့ခွင့် မရသောကြောင့် ကျန်းမာရေးနှင့်သက်ဆိုင်သည့် ကူညီထောက်ပံ့ရေးကို မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေရသည်။
မုန်တိုင်းသင့်ပြည်သူများမှာ အကူအညီလိုအပ်ချက် များစွာရှိနေသဖြင့် နိုင်ငံတကာအဖွဲ့များ၊ အရပ်ဖက်အဖွဲ့များအား ကန့်သတ်ပိတ်ပင်ခြင်းမပြုရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ(ACSO) က တောင်းဆိုထားသည်။
#I001