၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံစီးပွားရေး ၃ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း စစ်ခေါင်းဆောင်ပြော
သို့သော်လည်း မြန်မာ့ ပြည်တွင်းစုစုပေါင်းထုတ်ကုန် ဂျီဒီပီမှာ ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သော အနေအထားထက် ၁၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေဆဲဖြစ်ကာ အာဏာသိမ်းမှုကြောင့် လုံးလုံး နာလန်မထူနိုင်တော့သည့် အနေအထားသို့ ရောက်သွားနိုင်ခြေ ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။
05 Jul 2023
DMG ၊ ဇူလိုင် ၅
မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲကြောင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က နိုင်ငံ့စီးပွားရေး ၁၇ ဒသမ ၉ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သော်လည်း ၂၀၂၂ - ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် စီးပွားရေးတိုးတက်မည့် အလားအလာကောင်းများ ရှိသော်လည်း အခက်အခဲနှင့် စိန်ခေါ်မှုများစွာရှိနေကြောင်း စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“နိုင်ငံရေးအပြောင်းအလဲများကြောင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတည်ဆောက်မှုအပေါ် များစွာသက်ရောက်မှု ဖြစ်ပေါ်စေခဲ့သလို လက်ရှိ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ဆက်နွယ်ပြီး ကမ္ဘာတစ်ခွင်၌ ဖြစ်ပေါ်လျက်ရှိသော အစားအစာနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုများကလည်း အဘက်ဘက်က အားနည်းချက်ရှိတဲ့ မိမိတို့နိုင်ငံအပေါ် ရိုက်ခတ်လျက်ရှိနေတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် တွေ့ဆုံစဉ် စစ်ကောင်စီဥက္ကဌက ယင်းသို့ပြောကြားခဲ့ကြောင်း ဇူလိုင် ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
ပြည်ပသွင်းကုန်နေရာတွင် အစားထိုးနိုင်ရန် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်နိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်နေကြောင်း စစ်ကောင်စီဥက္ကဌက ပြောသည်။
သို့သော်လည်း မြန်မာ့ ပြည်တွင်းစုစုပေါင်းထုတ်ကုန် ဂျီဒီပီမှာ ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သော အနေအထားထက် ၁၀ ရာခိုင်နှုန်းခန့် နိမ့်ကျနေဆဲဖြစ်ကာ အာဏာသိမ်းမှုကြောင့် လုံးလုံး နာလန်မထူနိုင်တော့သည့် အနေအထားသို့ ရောက်သွားနိုင်ခြေ ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားသည်။
လျှပ်စစ်ဓာတ်အား အလှည့်ကျရရှိခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံခြားငွေလဲလှယ်မှုအပေါ် မြန်မာစစ်ကောင်စီက ကန့်သတ်ထားခြင်းတို့က မြန်မာ့စီးပွားရေးကို နှောင့်နှေးစေလျက်ရှိသည်ဟု ဇွန်လ ၂၈ ရက်နေ့ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြထားသည်။
ရခိုင်ဝါရင့်စီးပွားရေးသမားတစ်ဦးက “လက်တွေ့ကျကျ မြေပြင်ကို ကြည့်လိုက်တာနဲ့ စီးပွားရေးဟာ လက်လီမှာရော၊ လက္ကားမှာရော အကုန်လုံးကျနေတာ။ အလုပ်အကိုင်အခွင့်အလမ်း ဆိုရင်လည်း အားရကျေနပ်စရာမရှိဘဲ ကျမြဲကျဆင်းနေတာ။ ဒီလိုအခြေနေမှာ သူတို့(စစ်ကောင်စီ)က စီးပွားရေးတိုးလာတယ် ဆိုတာကို ဘယ်စာရင်းဇယားကို ကြည့်ပြီး ပြောတာလဲတော့ မသိဘူး” ဟု ပြောသည်။
အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်တက်နေပြီး ဆက်လက်၍လည်း မြင့်တက်နေမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြသည်။
ယခင်က စက်သုံးဆီတစ်လီတာကို ငွေကျပ် ၁,၀၀၀ အောက်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်တွင် ငွေကျပ် ၂,၅၀၀ ဝန်းကျင်၊ ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ငွေကျပ် ၁၂၀,၀၀၀ ကျော်အထိ ဈေးမြင့်တက်နေသည်။ ကြက်သွန်နီဈေးနှုန်းမှာလည်း တစ်ပိဿာကို ငွေကျပ် ၂,၀၀၀ ဝန်းကျင်ဖြစ်နေပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အာဏာမသိမ်းမီကာလထက် ၃ ဆနီးပါး မြင့်တက်လျက်ရှိသည်။
စစ်တွေမြို့မှ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်သီတာက “ကုန်ဈေးနှုန်းကတော့ နေ့တိုင်းတက်နေတယ်။ ပြန်ကျလာဖို့ကို အိပ်မက်တောင်မမက်ရဲတော့ဘူး။ အခု ပိုက်ဆံတစ်သောင်းဆိုတာ ငါးတစ်မယ်တောင် မရတော့တဲ့ဘဝဖြစ်နေပြီ။ ရှာတဲ့ပိုက်ဆံတွေလည်း တန်ဖိုးမရှိတော့ဘဲ ဆင်းရဲသထက်ဆင်းရဲလာတယ်” ဟု ပြောသည်။
စားနပ်ရိက္ခာဖူလုံရေးနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်သည့် ရေမြေသယံဇာတနှင့် လူသားအရင်းအမြစ်ရှိသော်လည်း ဝယ်လိုအားနှင့် ရောင်းအားမညီမျှ၍ အခြေခံစားသောက်ကုန် ဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌက ဇူလိုင်လ ၃ ရက် အစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်တွင် အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း အကျပ်အတည်းများ ကြုံနေရပြီး စစ်ကောင်စီနှင့် လက်နက်ကိုင် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများမှာလည်း ပိုမိုပြင်းထန်လာနေသည်။ လက်ရှိအချိန်အထိ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူဦးရေ တစ်သန်းကျော်ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
#R010