- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ပလက်ဝတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေဆဲ
စစ်ကောင်စီဘက်မှ လေကြောင်းသုံးတိုက်ခိုက်ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာပြီး နိုဝင်ဘာလ ၂၀ ရက် လေကြောင်းပစ်ခတ်မှုကြောင့် အထက်မီးဇာကျေးရွာမှ ဒေသခံ ၈ ဦး ဒဏ်ရာရရှိသွားသည်။
22 Nov 2023
DMG ၊ နိုဝင်ဘာ ၂၂
စစ်ကောင်စီ၏ ဗျုဟာတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် တိုက်ပွဲပြင်းထန်နေသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
တရွန်အိုင်ကျေးရွာအနီးရှိ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ တပ်စခန်းများကို AA က နိုဝင်ဘာလ ၁၄ ရက်မှစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေ၍ တိုက်ပွဲပြင်းထန်နေသည်မှာ တစ်ပတ်ကျော်ကြာထိ ရှိလာပြီဖြစ်သည်။
“ပလက်ဝမှာတော့ အခုအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တယ်။ AA ဘက်ကလည်း စစ်ကောင်စီရဲ့ နေရာ ၅ ခုကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ သိရတယ်” ဟု AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။
စစ်ကောင်စီဘက်မှ လေကြောင်းသုံးတိုက်ခိုက်ကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာပြီး နိုဝင်ဘာလ ၂၀ ရက် လေကြောင်းပစ်ခတ်မှုကြောင့် အထက်မီးဇာကျေးရွာမှ ဒေသခံ ၈ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“တရွန်အိုင်ရွာနဲ့ အထက်မီးဇာရွာ အနီးမှာ စစ်ကောင်စီဘက်က ရဟတ်ယာဥ်သုံးစီးနဲ့ လာတိုက်တိုက်ခိုက်ခဲ့တယ်။ မီးဇာရွာသား ၈ ဦး ဒဏ်ရာရသွားတယ်။ ၃ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ပလက်ဝဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၄ ရက်ကလည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် တရွန်အိုင်ကျေးရွာမှ ဒေသခံ ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ လက်ရှိ ထိခိုက်သေဆုံးမှုစာရင်းမှာ DMG က လက်တလော စုံစမ်းမေးမြန်းချက်အရဖြစ်ပြီး အသေးစိတ်သိရှိနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ပလက်ဝမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားနေသော နေရာများတွင် ဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်နေသဖြင့် ဒေသခံများနှင့် အဆက်သွယ်ရရှိရန် ခက်ခဲနေသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်အတွင်းက ထရွန်အိုင်၊ မီးဇာ၊ နှုူံးဘူး၊ အဘောင်သား ကျေးရွာတို့မှ ဒေသခံများမှာ လုံခြုံမည့်နေရာများသို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
စစ်ကောင်စီ၏ နိုဝင်ဘာလ ၂၀ ရက် သတင်းထုတ်ပြန်ချက်တွင် - ထရွန်အိုင်နှင့် နှုံးဘူးစခန်းများကို AA က လာရောက်ပစ်ခတ်မှုအား စစ်ကောင်စီတပ်သားများက ပြန်လည်ခုခံမှုကြောင့် AA ဘက်တွင် အကျအဆုံးများစွာရှိကြောင်း သိရသည် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားသည်။
ထရွန်အိုင်စခန်းသည် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနှင့် မြန်မာ ဆက်သွယ်ဆောင်ရွက်သည့် နေရာတွင် အရေးကြီးသော စခန်းဖြစ်သဖြင့် ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို AA ကိုယ်တိုင် ဖျက်ဆီးပစ်နေခြင်းဟု စစ်ကောင်စီက ပြောဆိုထားသည်။
စစ်ကောင်စီသည် ပလက်ဝမြို့နယ်အတွင်း ကုန်းလမ်း၊ ရေလမ်းကြောင်းများနှင့် ပလက်ဝမြို့ အဝင်အထွက်များကို နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ သွားလာခွင့်ပိတ်ပင်ထားပြီး မြို့တွင်းလုံခြုံရေးများကို တင်းကျပ်ထားသည်။
အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ပလက်ဝ - ကျောက်တော် ရေလမ်းကြောင်းကို ပိတ်ပင်ထား၍ လက်ရှိတွင် ပလက်ဝမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ မြင့်တက်နေသည့်အပြင် ဆန်ရိက္ခာပြတ်တောက်မှုများ ရှိလာသည်ဟု မြို့ခံများက ပြောကြသည်။
“ပလက်ဝမြို့ပေါ်မှာ ဆန်စျေးနှုန်းနဲ့ စားကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်လာတာတွေရှိတယ်။ ဆန်တွေဆိုရင် ဝယ်လို့တောင် မရတော့တဲ့ အခြေအနေဖြစ်နေပြီ။ နောက်တစ်ပတ်လောက်ဆိုရင် တော်တော်လေးကို ဆိုးဆိုးရွားရွား ပြတ်လပ်မှုတွေ ဖြစ်လာနိုင်တယ်” ဟု ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ပလက်ဝဒေသခံများမှာ ကုန်စည်ပစ္စည်းများကို ရခိုင်ပြည်၊ ကျောက်တော်မြို့မှ အဓိကထား ဝယ်ယူနေကြခြင်း ဖြစ်ပြီး ကုန်းလမ်း၊ ရေလမ်းများကို စစ်ကောင်စီက ပိတ်ထားသဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်မည်ကို စိုးရိမ်နေကြပြီး လမ်းခရီးများကို ပြန်ဖွင့်ပေးရန် တောင်းဆိုနေကြသည်။
#D007 #DMG