သံတွဲခရိုင် ထွေအုပ်ဝန်ထမ်းတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်

သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးကို နိုင်ငံတော်ကိုဆူပူအောင်လှုံဆောင်မှု ပုဒ်မ ၅၀၅ (က) ဖြင့် သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။

By Admin 10 Jul 2023

ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ကိုဝင်းမောင်မောင်ဖြိုး။ ဓာတ်ပုံ - ပေးပို့
ထောင်ဒဏ်ချမှတ်ခံလိုက်ရသည့် ကိုဝင်းမောင်မောင်ဖြိုး။ ဓာတ်ပုံ - ပေးပို့

DMG ၊ ဇူလိုင် ၁၀

ရခိုင်ပြည်၊ သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးကို နိုင်ငံတော်ကိုဆူပူအောင်လှုံဆောင်မှု ပုဒ်မ ၅၀၅ (က) ဖြင့် သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ချမှတ်ခံလိုက်ရသူမှာ ကိုဝင်းမောင်မောင်ဖြိုး ဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့က အမိန့်ချလိုက်ခြင်းဖြစ်သည်။

“ကျမအမျိုးသားကို ၅၀၅(က)နဲ့ ထောင်ဒဏ် ၂ နှစ်ချလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့နေ့က သူက ရုံးတက်ဖို့သွားတယ်။ လမ်းမှာအဖမ်းခံရတာပါ။ အဖမ်းခံရပြီးတော့ ၁၀ ရက်လောက်ကြာမှ ရဲဖက်ကိုလွှဲပေးတယ်။ အဲဒီအချိန်ကျမှ ကျမတို့နဲ့တွေ့ရတာ” ဟု ကိုဝင်းမောင်မောင်ဖြိုး၏ ဇနီးဖြစ်သူ မနှင်းအိအိလင်းက DMG ကို ပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ကိုဝင်းမောင်မောင်ဖြိုးနှင့် ပြည့်ဖြိုးသန္တာ ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ကျော်ဝင်းကို ငပလီမြို့အခြေစိုက် ခလရ(၅၅)တပ်ရင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့နောက် ကိုဝင်းမောင်မောင်ဖြိုးကို ရက္ခိုင့်တပ်တော်(AA) ထံ စစ်တပ်နှင့်ရဲလှုပ်ရှားမှုများကို သတင်းပေးသည်၊ ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံဆူပူအောင်လှုံဆော်မှုပုဒ်မ ၅၀၅(က) တိုဖြင့် စစ်တပ်အရာရှိတစ်ဦးက တရားစွဲဆိုခဲ့သည်။

ကိုဝင်းမောင်မောင်ဖြိုးကို လက်ရှိတွင် ၅၀၅ (က)ဖြင့် ထောင်ဒဏ်ချမှတ်ထားသော်လည်း AA နှင့် ဆက်စပ်သည်ဆိုသည့် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

“အမှုက မပြီးသေးဘူး။ ပုဒ်မ ၁၇ (၁) အတွက် တရားရင်ဆိုင်ရဦးမယ်။ ဒီလ ၂၁ ရက်နေ့ ထပ်ပြီးတော့ ရုံးချိန်းထားတယ်။ သူကအစိုးရဝန်ထမ်းပါ။ ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိပါဘူး” ဟု မနှင်းအိအိလင်းက ပြောသည်။

ကိုဝင်းမောင်မောင်ဖြိုးနှင့်အတူ ဖမ်းဆီးခံရသော ဦးအောင်ကျော်ဝင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို DMG က ဆက်လက်စုံစမ်းနေသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူမှုလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊ (ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိသည်။

ယင်းအထဲတွင် ဒေသခံများ၊ တက်ကြွလှုပ်ရှားသူများအပြင် ပညာရေးဝန်ထမ်း၊ ထွေအုပ်နှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်သည်။

“သူတို့(စစ်ကောင်စီ)က ဝန်ထမ်းဆိုပေမယ့် ယုံကြည်မှုမရှိဘူး။ ယုံကြည်မှုမရှိတဲ့အတွက် AA နဲ့ ဆက်စပ်တယ် ဆိုပြီးတော့ ကျောင်းဆရာတွေကိုဖမ်းတယ်၊ ထွေအုပ်ဝန်ထမ်းတွေကိုဖမ်းတယ်၊ တရားစွဲတယ်ဆိုတာက မသင့်တော်ဘူး။ ရခိုင်လူမျိုး ဆိုပြီးတော့ မယုံကြည်တဲ့သဘောလို့ မြင်ပါတယ်” ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

သံတွဲမြို့တွင် ၂၀၂၂ ခုနှစ်အတွင်း ALD ပါတီဝင် ကိုညီလေးကြီးနှင့် ကိုခင်မောင်အေး၊ တေးရေးဆရာ ကိုစန်းကို တို့မှာလည်း မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲခံထားရသည်။

#R007