- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
စစ်ရေးပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ စစ်ကောင်စီ နှုတ်ဆိတ်နေ
စစ်ရေးပဋိပက္ခအတွင်း ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ်ပေါင်း ၂,၀၀၅ လုံးထိ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ကောက်ယူထားသည့်စာရင်းအရ သိရသည်။
16 Mar 2023
DMG ၊ မတ် ၁၆
ရခိုင်ပြည်တွင် ပြီးခဲ့သည့် (၂) နှစ်တာ စစ်ရေးပဋိပက္ခ ကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေသည်ဟု ဝေဖန်ပြောဆိုနေကြသည်။
နေအိမ်မီးလောင်ဆုံးရှုံးသွားသူများမှာ အခက်ခဲများစွာရှိနေပြီး ပြန်လည်ထူထောင်ရေး ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီအနေဖြင့် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို ယနေ့အထိ ရှင်းရှင်းလင်းလင်း ပြောဆိုခြင်းမရှိသေးဟု ကျောက်တော်မြို့နယ် လွှတ်တော်အမတ်ဟောင်း ဦးဦးထွန်းဝင်းက ထောက်ပြထားသည်။
“သူတို့(နေအိမ်မီးလောင်ပျက်စီးသွားသူ)ဟာ စစ်ဘေးရှောင်စခန်းမှာ ဖြစ်သလိုနေထိုင်နေရတဲ့ အနေအထားမှာ ရှိတယ်။ ဆင်းရဲခြင်းပေါင်းစုံနဲ့ နေထိုင်နေကြရတယ်။ မီးဘေးသင့်သူတွေနဲ့ပတ်သက်လို့ အစိုးရဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုက အားနည်းနေတယ်။ စာနာမှုပိုင်းဆိုင်ရာအရလည်း အားနည်းတယ်။ သူတို့(စစ်ကောင်စီ)ဘက်က ထိထိရောက်ရောက်သာ လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ အဆင်ပြေလာနိုင်မယ်” ဟု ဦးဦးထွန်းဝင်းက ပြောသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပြီးခဲ့သည့် (၂) နှစ်ကျော်စစ်ရေးပဋိပက္ခအတွင်း ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ်ပေါင်း ၂,၀၀၅ လုံးထိ မီးလောင်ပျက်စီးသွားခဲ့သည်ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ ကောက်ယူထားသည့်စာရင်းအရ သိရသည်။
ထိုအထဲမှ ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာ၊ မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာ၊ မင်းပြားမြို့နယ်မှ ဖားပြိုကျေးရွာတို့တွင် စစ်ကောင်စီက သိန်း ၅၀ တန်ဖိုးရှိနေအိမ်များ ဆောက်လုပ်ပေးထားကြောင်း သိရသည်။
သို့သော် မီးလောင်မှုကြောင့် ပျက်စီးသွားခဲ့ရသည့် နေအိမ်အများအပြားကို လက်ရှိအချိန်အထိ ပြန်လည်ဆောက်လုပ်ပေးမှုများ မရှိသေးသလို ဆုံးရှုံးမှုများအတွက်လည်း ထောက်ပံ့မှုတစ်စုံတစ်ရာ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် စစ်ရေးကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုကြောင့် နေအိမ် ၁၃၂ ဆောင်နှင့် ဘုန်တော်ကြီးကျောင်းတို့ ပျက်စီးသွားခဲ့သည်။ လက်ရှိမှာလည်း ကျေးရွာအတွင်း လူမနေထိုင်သည်မှာ ကာလရှည်ကြာခဲ့ပြီဖြစ်သဖြင့် ခြုံနွယ်များဖုံးလွှမ်းနေပြီး ရာသီဥတုဒဏ်ကြောင့်လည်း နေအိမ်အများအပြား ပျက်စီးမှုများရှိသည်ဟု ဒေသခံများက ဆိုသည်။
မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ ဆုံးရှုံးနစ်နာခဲ့ရသော ဒေသခံများမှာ မျက်ကွယ်ပြုခံနေရကြောင်း တင်းမဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။
“မီးရှို့ခံရတဲ့ ကျေးရွာတွေနဲ့ပတ်သက်လို့ အစိုးရက တစ်ခုမှ ပြောဆိုတာမရှိသေးဘူး။ နေရပ်ပြန်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့်ထိ စာတင်တာ ၉ ကြိမ်ရှိပြီ။ သူတို့(စစ်ကောင်စီ)က နယ်မြေ မအေးချမ်းဘူး၊ မိုင်းမရှင်းရသေးဘူး ဆိုပြီး အကြောင်းပြချက်ပေးတယ်။ ကျန်တာ ဘာမှမကြားရဘူး” ဟု ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားသည်။
မီးလောင်ပျက်စီးသွားသည့် နေအိမ်များစာရင်းကို ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ သက်ဆိုင်ရာမြို့နယ် ထွေ/အုပ်မှတစ်ဆင့် ပြည်နယ်စစ်ကောင်စီ၊ ပြည်ထောင်စု စစ်ကောင်စီထံသို့ အဆင့်ဆင့် ပေးပို့ထားသော်လည်း ယနေ့အထိ ထူးခြားမှုမရှိသေးကြောင်း သိရသည်။
အလားတူ ရွာလုံးကျွတ်နီးပါး နေအိမ်မီးလောင်ပျက်စီးသွားသည့် ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာ ပြန်လည်ထူထောင်ရေး ကိစ္စနှင့်ပတ်သက်၍လည်း လက်ရှိအချိန်ထိ စစ်ကောင်စီက ဆောင်ရွက်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
“အိမ်မီးလောင်သွားနဲ့ပတ်သက်လို့ ဒီနေ့အထိ ဘာမှပြောဆိုတာလည်း မရှိဘူး။ ဘာမှလည်းမသိရဘူး။ ကျမတို့မှာ နေအိမ်လည်း ပျက်စီးသွားခဲ့ရတယ်။ လုပ်ကိုင်စားသောက်နေတဲ့ လယ်ထွန်စက်တွေရော အကုန်လုံးက မီးထဲပါသွားခဲ့ပြီ။ ဆုံးရှုံးမှုတန်ဖိုး တွက်ကြည့်မယ်ဆိုရင် သိန်း ၁၀၀ ကျော်လောက်ရှိတယ်။ တစ်သက်တာ စုဆောင်းခဲ့တာတွေ ဆုံးရှုံးသွားတော့ ဘာမှလည်းမရှိတော့ဘူး။ အခုလို သူများထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ စစ်ဘေးရှောင်ဘဝနဲ့တော့ ပြန်လည်တည်ဆောက်ဖို့ မလွယ်တော့ဘူး” ပြိုင်းတိုင်းကျေးရွာမှ ဒေါ်မမြသန်းက ပြောသည်။
ပြိုင်းတိုင်းကျေးရွာတွင် တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုတို့ကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောဆိုကြသည်။
မီးလောင်ပျက်စီးသွားသည့် နေအိမ်များကို ပြန်တည်ဆောက်ပေးရန်အတွက် ယခင် NLD အစိုးရလက်ထက်တွင် ၄ ကြိမ်တိုင် စာဖြင့်ဆောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိခဲ့ပေ။ ပျက်စီးသွားသည့် နေအိမ်များအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ သိန်းစီကို လူမှုဝန်ထမ်းကယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးမှုသာ ရှိခဲ့သည်ဟု ပြိုင်းတိုင်းကျေးရွာသားများက ဆိုသည်။
ကျောက်တော်မြို့နယ်အထက်ပိုင်း ကုလားတန်မြစ်ကြောင်း တစ်လျှောက်တွင်ရှိသည့် တင်းမ၊ အထက်တင်းမ၊ ပြိုင်းတိုင်း၊ မုန့်သန်းပြင်၊ ကြင့်ခါးစေ့၊ နမဒါ စသည့် ကျေးရွာများမှာ တိုက်ပွဲကာလအတွင်း လက်နက်ကြီးကျရောက်မှု၊ မီးရှို့ခံရမှုကြောင့် နေအိမ်များပျက်စီးသွားကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး စစ်ဘေးရှောင်စခန်း အသီးသီးတွင် ခိုလှုံခဲ့ကြရသည်။
နေအိမ်မီးလောင်ပျက်စီးသွားသည့် ဒေသခံများမှာ တစ်သက်လုံး စုဆောင်းခဲ့ရသော ပစ္စည်းဥစ္စာများ ဆုံးရှုံးသွားခဲ့ဖြင့် ဘဝပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြသည်။
စစ်ကောင်စီအနေဖြင့် မီးလောင်ပျက်စီးသွားသည့် နေအိမ်များနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ပေးမှုများ မလုပ်ဆောင်သလို ဆုံးရှုံးမှုအတွက်လည်း တစ်စုံတစ်ရာကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်းမရှိဘဲ ပြည်သူလူထုကို ပစ်ပယ်ထားကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ထောက်ပြပြောဆိုကြသည်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက “အစိုးရ(စစ်ကောင်စီ)ဟာ ပြည်သူလူထုကို ပြန်မကြည့်ဘူး။ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲအန္တရာယ်ကို ကြောက်ရွံ့ပြီး ထွက်ပြေးကြတာ ဖြစ်တယ်။ တိုက်ပွဲမရှိရင်လည်း သူတို့(ဒေသခံ)အတွက် တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူး။ စစ်ကောင်စီက ကျေးရွာအနားမှာ တပ်စခန်းချထားတယ်။ အစိုးရကနေ ဒီဟာကို လုပ်ပေးမယ်ဆိုရင် လုပ်လို့ရတယ်။ ဒါပေမယ့် မလုပ်ပေးဘူး။ အခုအချိန်ဟာဆိုရင်လည်း နှစ်ဖက်အပစ်အခတ် ရပ်စဲထားကြတယ်။ အဲဒီလို အနေထားမှာ ပြည်သူလူထုအတွက် လုပ်ပေးလို့ရတယ်။ ဒါပေမဲ့ သူတို့က ပစ်ပယ်ထားကြတယ်” ဟု ပြောဆိုသည်။
စစ်ရေးကာလအတွင်း မီးလောင်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်ထောက်ရေးကိစ္စနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်သွားမည်၊ မည်သို့ဆောင်ရွက်မှုများ ရှိနေသည်ကို သိရှိနိုင်ရန်အတွက် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းနှင့် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း တို့ကို DMG မှ တယ်လီဖုန်းနှင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်တွင် တိုက်ပွဲရပ်တန့်ပြီးနောက်ပိုင်း စစ်ကောင်စီ အစီအစဉ်ဖြင့် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင် ၅,၀၀၀ ကျော်အထိ ရှိလာနေပြီဖြစ်သော်လည်း အများစုမှာ နေအိမ်များ မီးလောင်ပျက်စီးမှု၊ မိုင်းအန္တရာယ် စသည်တို့ကြောင့် နေရပြန်ရန်အတွက် အခက်အခဲများ ရှိနေကြသည်။
#R010