လမ်းပိတ်ဆို့မှုအကျိုးဆက် ကျောက်ဖြူတွင် ဆန်ပြုတ်စားနေရသူများ ရှိလာ

ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်ပြီး စားနပ်ရိက္ခာအတွက် အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရသဖြင့် ကျောက်ဖြူမြို့ရှိ ဆန်အရောင်းဆိုင်များတွင် နိုဝင်ဘာ ၂၁ ရက်မှစ၍ ဆန်ပြတ်လပ်သွားပြီ ဖြစ်သည်။

By Admin 27 Nov 2023

ဆန်ပြတ်လပ်နေသူများအား လူငယ်ပရဟိတအသင်းမှ သွားရောက်ကူညီနေစဉ်။ (ဓာတ်ပုံ - ကိုကာကာ)
ဆန်ပြတ်လပ်နေသူများအား လူငယ်ပရဟိတအသင်းမှ သွားရောက်ကူညီနေစဉ်။ (ဓာတ်ပုံ - ကိုကာကာ)

DMG ၊ နိုဝင်ဘာ ၂၇ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဆန်ရိက္ခာပြတ်လပ်မှုကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ ထမင်းနပ်မမှန်ဖြစ်ကာ ဆန်ပြုတ်စားရသည့်အဆင့်ထိ ရှိနေကြောင်း DMG သို့ ပြောလာကြသည်။ 

စစ်ကောင်စီသည် ကျောက်ဖြူမြို့အဝင် ကုန်းလမ်း ကျောက်တစ်လုံးဂိတ်ကို နိုဝင်ဘာ ၁၃ ရက်တွင် ပိတ်ဆို့ခဲ့ပြီး မြို့နှင့်ထိစပ်လျက်ရှိသော ရေလမ်းကြောင်းများတွင်လည်း နိုဝင်ဘာလ ၁၉ ရက်မှစပြီး ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်း မပြုကြောင်း ကြေညာလိုက်သည်။ 

ကျောက်ဖြူမြို့သည် ပယ်လယ်ကျွန်းမြို့ဖြစ်ပြီး စားနပ်ရိက္ခာအတွက် အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို မှီခိုနေရသဖြင့် ကျောက်ဖြူမြို့ရှိ ဆန်အရောင်းဆိုင်များတွင် နိုဝင်ဘာ ၂၁ ရက်မှစ၍ ဆန်ပြတ်လပ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများမှာ ထမင်းနပ်မမှန်သည်အထိ ဆန်ရိက္ခာပြတ်လပ်သွားခြင်း ဖြစ်သည်။ 

ကုလဘာတောင်ရပ်ကွက်နေ မိသားစုဝင် ၄ ဦးရှိသည့် အမျိုးသမီးတစ်ဦးက “တစ်ရက်ကို ပုံမှန် ဆန် ၁၀ ဗူး လောက် ချက်စားနေတာ။ အခုက ဆန် ၂ ဗူးလောက်ကို မနက်စာရော ညစာအတွက်ပါ ဆန်ပြုတ်လုပ်ပြီး စားနေရတယ်။ ဒီနေ့နဲ့ဆို အဲ့လိုမျိုးစားနေရတာ ၃ ရက်ရှိပြီ။ ထမင်းမဝတဲ့ ကလေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။ 

ကျောက်ဖြူမြို့တွင် ရပ်ကွက် ၁၇ ခုရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၃၀,၀၀၀ ကျော် နေထိုင်သည်။ လူဦးရေထက်ဝက်ခန့်မှာ အခြေခံလူတန်းစားများဖြစ်ပြီး စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်နေကြခြင်း ဖြစ်သည်။  

လက်ရှိတွင် သမ္ဗာန်ချောင်း၊ ပိုက်ဆိပ်၊ ပြင်ဖြူမော်၊ ကညင်တော၊ ကုလဘာတောင်၊ ငလပွေ့၊ တောင်ရင်း စသည့် ရပ်ကွက်များရှိ အခြေခံလူတန်းစားများမှာ အလုပ်မလုပ်ရသည့်အပြင် မြို့တွင်းဆန်ရိက္ခာ ပြတ်လပ်နေသဖြင့် စားသောက်ရေးအတွက် အခက်တွေ့နေကြခြင်း ဖြစ်သည်။ 

“မဝရေစာစားနေရတာ လေးရက်လောက်ရှိပြီ။ ပိုက်ဆံက ချေးငှားလို့ရတယ် ဆိုရင်တောင် ဆန်က ဝယ်လို့ကို မရတော့တာ။ တစ်ရက်ရှာမှတစ်ရက်စားရတဲ့ ကျမတို့လို ဆင်းရဲသားတွေအတွက် လူတွေက စေတနာရှိလို့ ပေးကမ်းလာတာကို မျှော်ရုံပဲရှိတော့တယ်” ဟု တောင်ရင်းရပ်ကွက်မှ မိသားစု ၅ ဦးရှိသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ယင်းအခက်အခဲများကိုဖြေရှင်းရန်အတွက် လူမှုအဖွဲ့အစည်းများက ဆန်အပိုအလျှံရှိနေသည့် မြို့ခံအချို့ထံမှ အလှူခံကာ ကူညီထောက်ပံ့နေကြသည်။ ကျောက်ဖြူအခြေစိုက် “ဖြူစင်သောကမ်းလက် လူငယ်ပရဟိတအသင်း”က တစ်အိမ်ထောင်ကို ဆန် ၅ ဗူးနှုန်း(နို့ဆီဗူး)ဖြင့် နိုဝင်ဘာ ၂၄ ရက်မှစ၍ ကူညီထောက်ပံ့နေကြောင်း သိရသည်။ 

ဖြူစင်သောကမ်းလက် လူငယ်ပရဟိတအသင်းဝင် ကိုကာကာက “ဆန် လုံးဝမရှိတော့တဲ့ လူတွေအတွက် နည်းနည်းလောက်ဖြစ်ဖြစ် ခံသာအောင်ကူညီတာပါ။ တစ်အိမ်ထောင်ကို ဆန် ၅ ဗူးနှုန်းနဲ့ အိမ်ခြေ ၂၀၀ ကျော် လောက်ကို ရှိတဲ့လူတွေဆီကနေ အလှူခံပြီးတော့ ကျနော်တို့အဖွဲ့က ကူညီနေပါတယ်။ ဒါပေမဲ့ လှူတဲ့လူတွေကလည်း အဆင်မပြေတဲ့ကြားက လှူပေးကြတာဆိုတော့ ရေရှည်မှာ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် ကျောက်ဖြူမြို့ရှိ လူမှုအဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများအနေဖြင့် ဆန်ရိက္ခာပြတ်လပ်မှုနှင့် ပတ်သက်၍ ဝိုင်းဝန်းအဖြေရှာရန် လိုအပ်နေကြောင်းလည်း ကိုကာကာက ဆက်ပြောသည်။ 

ကျောက်ဖြူမြို့တွင် အချက်အချာကျသည့် နေရာများတွင် စစ်ကောင်စီတပ်သားများက လက်နက်အပြည့်အစုံဖြင့် သွားလာခြင်း၊ ကင်းစောင့်ခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း စသည်တို့ကို ပြုလုပ်နေပြီး ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားသည်။ 

#D005 #DMG #ကျောက်ဖြူ #လမ်းပိတ်ထား #ရိက္ခာပြတ်လပ်

 

ဗီဒီယိုများ