ရေခဲစက်ရုံအများစု မလည်ပတ်နိုင်သေး၍ ရေခဲနှင့်ဆက်စပ်သည့်လုပ်ငန်းများ အခက်တွေ့

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ရေခဲစက်ရုံများမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့်အတွက် ပုံမှန်မလည်ပတ်နိုင်သေး၍ ရေခဲနှင့် ဆက်စပ်လုပ်ကိုင်သည့် လုပ်ငန်းမှာလည်း အခက်အခဲများနှင့် ကြုံတွေ့နေကြောင်း သိရသည်။

By Admin 14 Jun 2023

စစ်တွေမြို့မဈေးကြီးအတွင်း ရေခဲရိုက်ထားသည့် ငါးများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။
စစ်တွေမြို့မဈေးကြီးအတွင်း ရေခဲရိုက်ထားသည့် ငါးများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇွန် ၁၄

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ရေခဲစက်ရုံများမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသည့်အတွက် ပုံမှန်မလည်ပတ်နိုင်သေး၍ ရေခဲနှင့် ဆက်စပ်လုပ်ကိုင်သည့် လုပ်ငန်းမှာလည်း အခက်အခဲများနှင့် ကြုံတွေ့နေကြောင်း သိရသည်။

စားသောက်ဆိုင်၊ ရေထွက်ပစ္စည်းရောင်းဝယ်ရေး၊ အအေးဖျော်ရည်ဆိုင် စသည့် ရေခဲနှင့်ဆက်စပ်နေသည့် လုပ်ငန်းများမှာ ရေခဲကိုလိုသလောက် ဝယ်ယူမရဖြစ်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စစ်တွေမြို့မှ ရေခဲအရောင်းဆိုင်ပိုင်ရှင် ဦးဆန်းဝင်းထွန်းက “ရေခဲစက်ရုံကနေ အရင်လို လိုသလောက် မှာယူလို့မရဘူး။ ပြီးတော့ ဈေးလည်း အရင်ကထက် အများကြီးပေးဝယ်ရတယ်။ ငါးသည်တွေမှာလည်း ငါးတွေပုပ်ပွသွားတယ်။ ပြီးတော့ အဲဒီငါးတွေကို ရေခဲမလုံလောက်လို့ ဆားထိုးလိုက်ရတာတွေ ရှိကြတယ်။ ပြီးတော့ ဖြစ်သလို ဈေးနှုန်းနဲ့ချရောင်းရတယ် ” ဟု ပြောသည်။

စစ်တွေမြို့တွင် ရွှေငါး၊ Tiger၊ GED၊ အောင်နိုင်ဝင်း၊ ထိုက်တန်ထွန်း၊ Five Stars၊ ကောင်းမြတ်ကျော် စသည့် ရေခဲစက်ရုံ ၁၀ ခုခန့်ရှိပြီး လက်ရှိတွင် ရေခဲစက်ရုံ ၂ ခုတည်းသာ မီးစက်ဖြင့် လည်ပတ်နိုင်သေးကြောင်း စက်ရုံတာဝန်ရှိသူများက ပြောဆိုကြသည်။

မုန်တိုင်းမတိုက်ခင်က ရေခဲ ပေါင်(အလေးချိန်) ၃၀၀ တစ်တုံးကို ငွေကျပ် ၅,၀၀၀ ဖြင့် ဝယ်ခဲ့ရသော်လည်း ယခုအခါတွင် ရေခဲတစ်တုံးအား ငွေကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ကျပ်အထိပေးကာ ဝယ်ယူနေရ၍ လုပ်ငန်းအရှုံးပေါ်နေကြောင်း ငါးရောင်းဝယ်ရေးသမားများက ပြောဆိုကြသည်။

“ကျမ ဒီအလုပ်(ငါးရောင်းဝယ်ရေး)ကိုလုပ်တာ တစ်ဆယ့်လေးနှစ်လောက်ရှိပြီ။ ဒီလောက်ထိ အဆင်မပြေတာ တစ်ခါမှ မကြုံဖူးသေးဘူး။ ငါးတွေကို ဈေးကြီးပေးဝယ်ရတာတမျိုး၊ ငါးရပြန်တော့လည်း ရေခဲက မလောက်ငှဘူး။ အဲဒီငါးကို ရေခဲရိုက်ဖို့ ရေခဲကို ဈေးကြီးပေးဝယ်ရတာတမျိုးဖြစ်နေတာ” ဟု ငါးရောင်းဝယ်ရေးလုပ်ကိုင်သူ ဒေါ်နှင်းနွယ်မိုးက ပြောသည်။

လက်ရှိမှာ မီးစက်များဖြင့် စက်ရုံလည်ပတ်နေရသဖြင့် ရေခဲများအား ပုံမှန်ထက် ဈေးနှုန်းမြှင့်ကာ ရောင်းချရခြင်းဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူများက ပြောဆိုကြသည်။

သို့သော်လည်း စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့်အတွက် အမြတ်ငွေမထွက်ကြောင်း ဆတ်ရိုးကျမြို့သစ်ရပ်ကွက်မှ “ကောင်းမြတ်ကျော်” ရေခဲစက်ရုံ တာဝန်ခံ ကိုကီးချေက ပြောသည်။

“ဆီဈေးတက်တော့ အဆင်မပြေဘူး။ ကျနော်တို့က လျှပ်စစ်မီး မရသေးပေမယ့်လည်း စီးပွားရေးသမားတွေ အဆင်ပြေအောင် လုပ်ပေးနေတာ။ လျှပ်စစ်မီးမရသေးလို့ စက်ရုံလည်း အပြည့်အစုံ မလည်ပတ်နိုင်သေးဘူး” ဟု သူက ပြောသည်။

ယခင်က ရေခဲစက်ရုံများမှ တစ်ရက်လျှင် ရေခဲအတုံး ၄၀၀ ခန့်ထွက်ရှိသော်လည်း လက်ရှိတွင် မီးစက်ဖြင့် လည်ပတ်နေရ၍ ရေခဲအတုံး ၂၂၀ ခန့်သာ ထွက်ရှိကြောင်း သိရသည်။

စစ်တွေမြို့ရှိ ရေခဲစက်ရုံများမှ ရေခဲများကို စစ်တွေမြို့အပြင် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့်မြို့နယ်များသို့ ဖြန့်ဝေရောင်းချကြသည်။

“မုန်တိုင်းကြောင့် အပျက်အစီးတွေရှိခဲ့လို့ ရေခဲစက်ရုံက အခုထိ မလည်ပတ်နိုင်သေးဘူး။ စက်ရုံကို ပြုပြင်ပြီးရင်တော့ လျှပ်စစ်မီး ဘယ်အချိန်မှရမလဲဆိုတာကို မျှော်နေရတယ်။ လျှပ်စစ်မီးရမှ ရေခဲထုတ်လုပ်နိုင်မှာ။ ဝန်ထမ်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရှာကြံဖြေရှင်းပြီး လစာပေးနေရတယ်” ဟု မင်းဂံရပ်ကွက်ရှိ “ထိုက်တန်ထွန်း” ရေခဲစက်ရုံ တာဝန်ရှိသူ ဦးအောင်ကျော်မြက ပြောသည်။

“မိုခါ”ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပေါက်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်တို့တွင် လျှပ်စစ်မီးတိုင်များပျက်စီးကာ လျှပ်စစ်မီးပြတ်တောက်သွားသဖြင့် ပြည်မမှ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်း ၅၀၀ ကျော်နှင့် ရခိုင်မှလျှပ်စစ်ဝန်ထမ်း ၁,၀၀၀ ကျော်တို့ ပူးပေါင်းပြင်ဆင်နေကြသည်။

လက်ရှိမှာ စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့ပေါ်ရပ်ကွက်များအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေပြီဖြစ်သော်လည်း တချို့ရပ်ကွက်များတွင် လက်ရှိအချိန်ထိ မရသေးသည့်အတွက် လျှပ်စစ်မီး အမြန်ဆုံးရရှိရန် ဒေသခံများက လိုလားနေကြသည်။

#R005