- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
ကျောက်ဖြူဒေသခံလူငယ် သေဆုံးမှုတွင် တာဝန်ကျ ULA ရဲတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းစစ်ဆေးနေကြောင်းပြော
“သူက အသာတကြည် အဖမ်းမခံဘူး။ ရဲတပ်ဖွဲ့ဝင်တွေကို ခုခံတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူနဲ့ အပြန်အလှန် ထိုးကြကြိတ်ကြဖြစ်တယ်။ ပြန်ဖမ်းတဲ့အခါ ရဲတွေက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ရတယ်။ ရဲစခန်းရောက်တော့လည်း ရဲတပ်ဖွဲ့ဝင်တွေက တုတ်တွေနဲ့ ခြောက်ထောက်၊ ပေါင်တွေကို ထပ်ပြီးရိုက်ကြတယ်။ အဲဒီမှာ အောင်နိုင်က အတွင်းဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။
13 Oct 2023
DMG ၊ အောက်တိုဘာ ၁၃
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျွဲတဲကျေးရွာမှ မောင်အောင်နိုင် (၂၃)နှစ်မှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း သေဆုံးခဲ့ရသည်။
အဆိုပါလူငယ်ကို ဆိုင်ကယ်ခိုးမှု သံသယဖြင့် စက်တင်ဘာ ၄ ရက်တွင် ဖမ်းဆီးသွားခဲ့ပြီးနောက် အောက်တိုဘာ ၁၁ ရက်တွင် ၎င်း၏ရုပ်အလောင်းကို မိသားစုထံလာရောက် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
မောင်အောင်နိုင်မှာ ဖမ်းဆီးခံနေရချိန်တွင် ထွက်ပြေးသဖြင့် ULA ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးစဉ် ရိုက်နှက်မှုများရှိခဲ့သဖြင့် အတွင်းဒဏ်ရာရရှိခဲ့သည်ဟု ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။
“သူက အသာတကြည် အဖမ်းမခံဘူး။ ရဲတပ်ဖွဲ့ဝင်တွေကို ခုခံတယ်။ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူနဲ့ အပြန်အလှန် ထိုးကြကြိတ်ကြဖြစ်တယ်။ ပြန်ဖမ်းတဲ့အခါ ရဲတွေက ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ရတယ်။ ရဲစခန်းရောက်တော့လည်း ရဲတပ်ဖွဲ့ဝင်တွေက တုတ်တွေနဲ့ ခြောက်ထောက်၊ ပေါင်တွေကို ထပ်ပြီးရိုက်ကြတယ်။ အဲဒီမှာ အောင်နိုင်က အတွင်းဒဏ်ရာရသွားတယ်” ဟု ၎င်းကပြောသည်။
မောင်အောင်နိုင် သေဆုံးရခြင်းမှာ အတွင်းဒဏ်ရာရရှိထားသဖြင့် ရေများစွာသောက်ရာမှ ရှော့ဖြစ်သေဆုံးခဲ့ခြင်းဟု ULA/AA က ဆိုသည်။
“အတွင်းဒဏ်ရာရတဲ့သူက ရေများများ သောက်လို့မရဘူး။ အဲဒီည ၂ နာရီလောက်မှာ သူက အိမ်သာသွားတယ်။ အိမ်သာကအပြန်မှာ မှောက်လဲသွားတယ်။ ဆေးမှူးခေါ်ပြီး ဆေးကုဖို့ကြိုးစားတော့ အဲဒီအချိန်မှာ သေဆုံးသွားတယ်။ အနီးစပ်ဆုံးဆေးရုံပို့ပြီး ဘာကြောင့်သေတယ်ဆိုတာကို ရင်ခွဲစစ်ဆေးကြည့်တော့ ရေသောက်လိုက်လို့ ရှော့ဖြစ်ပြီး သေဆုံးသွားတာကို စစ်ဆေးချက်မှာ ဆရာဝန်က ပြောထားတယ်။ ကျနော်တို့ ခန့်မှန်းတာက အိမ်သာမှာရှိတဲ့ ရေဗူးထဲက ရေသောက်လိုက်လို့ သေသွားတာ” ဟု ဦးခိုင်သုခက ပြောသည်။
ULA ရဲတပ်ဖွဲ့လက်ထဲတွင် စစ်ဆေးခံနေရစဉ် မောင်အောင်နိုင် သေဆုံးခဲ့ရမှုအတွက် တရားမျှတမှုရရှိရန် မိသားစုဝင်များက လိုလားနေကြသည်။
“ဒီလိုမျိုး အောက်ခြေမှာ လုပ်နေတဲ့လူတွေကို ကွပ်မျက်ပြီးတော့ စနစ်မှန်မှန်နဲ့ သေသေချာချာလေး ဖြစ်စေချင်တယ်။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒါမှပဲ လုံခြုံမှုတွေရှိမယ်” ဟု မောင်အောင်နိုင်၏ ဦးလေးတော်စပ်သူ ဦးမောင်သန်းမြင့်က ပြောသည်။
မောင်အောင်နိုင်မှာ အမှုကိုစစ်ဆေးနေစဉ် ထွက်ပြေးသဖြင့် ပြန်လည်ဖမ်းဆီးရာတွင် လက်လွန်ပြီး သေဆုံးသွားခဲ့သည်ဟု အလောင်းကိုပို့ဆောင်လာသည့် ULA ရဲတပ်ဖွဲ့ဝင်များက မိသားစုဝင်များကို ဝန်ခံခဲ့ကြောင်းလည်း ဦးမောင်သန်းမြင့်က ဆက်ပြောသည်။
မောင်အောင်နိုင် သေဆုံးရခြင်းမှာ မိသားစုဝင်များအတွက် ဆုံးရှုံးနစ်နာမှုဖြစ်သလို ULA/AA ၏ တရားစီရင်ရေးအပေါ် လူထုယုံကြည်မှုဆုံးရှုံးစေသော လုပ်ရပ်ဖြစ်သဖြင့် ကျူးလွန်သူများကို ထိရောက်စွာအရေးယူသင့်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူငယ်အဖွဲ့အစည်းများကွန်ရက် တာဝန်ခံ ကိုအောင်ဟိန်းလင်းက ပြောသည်။
“ဒီလိုမျိုးဖြစ်သွားတဲ့ကိစ္စအတွက် ရက္ခိုင့်တပ်တော်ဘက်က ကျူးလွန်သူတွေရော၊ ဒီပြစ်မှုကိုမြောက်တဲ့ လူတွေကိုရော ဘယ်လိုမျိုး တရားစီရင်သွားမလဲ၊ ပြီးတော့ စီရင်ချက်အပေါ်မှာရော ပြည်သူတွေကို ပွင့်လင်းမြင်သာမှုနဲ့ ဘယ်လိုပုံစံမျိုးနဲ့ ချပြမလဲပေါ့နော် အဲလိုမျိုးဖြစ်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်” ဟု ၎င်းကပြောသည်။
တရားစီရင်ရေးတွင် စွပ်စွဲခံထားရသူများနှင့် အကျဉ်းချ ခံထားရသူများအပေါ် ရိုက်နှက်စစ်ဆေးမှု၊ နှိပ်စက်မှုများမှာ လူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း ကိုအောင်ဟိန်းလင်းက ဆက်ပြောသည်။
ရခိုင်မှ လူအခွင့်အရေးလှုပ်ရှားဆောင်ရွက်နေသူ တစ်ဦးကလည်း ULA/AA အနေဖြင့် လူအခွင့်အရေးဆိုင်ရာ ဥပေဒေများကို လေးစားလိုက်နာမှသာ နိုင်ငံတကာနှင့် ဒေသခံတို့၏ လေးစားယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်သောကြောင့် တရားလက်လွတ်ကိစ္စများကို မကျူးလွန်ရန်လိုကြောင်း ထောက်ပြပြောဆိုသည်။
မောင်အောင်နိုင် သေဆုံးခဲ့မှုနှင့်ပတ်သက်ပြီး လက်ရှိတွင် တာဝန်ကျ ULA ရဲတပ်ဖွဲ့ဝင်များကို စစ်ဆေးနေပြီး လက်လွန်သည့်ပြစ်မှု ထင်ရှားမှုရှိမည်ဆိုပါက ပါဝင်ပတ်သက်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဦးခိုင်သုခက ပြောသည်။
“တရားမျှတမှုရရှိရေးအတွက် ကျနော်တို့ အာရက္ခပြည်သူ့အစိုးရအနေနဲ့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာတာဝန်ရှိတဲ့ ဥပမာ - ရဲမှူးအပါအဝင်ပေါ့နော် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို ကျနော်တို့ အခုထိန်းသိမ်းထားပြီးတော့ စစ်ဆေးမှုတွေကို စလုပ်နေပြီဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ မတ်လတွင်လည်း မြောက်ဦးမြို့ ဒေသခံ ဦးမောင်ကြီးလှမှာ ULA/AA မှ ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း သေဆုံးသွားခဲ့ရသည်။ ဦးမောင်ကြီးလှ သေဆုံးခြင်းမှာလည်း စစ်ဆေးမေးမြန်းရာတွင် တပ်ဖွဲ့ဝင်များမှ လက်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ULA/AA က ဖြေရှင်းချက်ပေးခဲ့သည်။