မောင်တောတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၅ အထိ ရှိလာသော်လည်း မြို့လူထုအနေဖြင့် ကိုဗစ်ကာကွယ်မှုအားနည်း

မောင်တောနယ်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာပြီဖြစ်သော်လည်း ဒေသခံလူထုအနေဖြင့် ကိုဗစ်ကာကွယ်မှုအပိုင်းတွင် အလွန်အားနည်းနေသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ပြောသည်။

11 Jul 2021

ကိုဗစ်ကူးစက်မှုများပြားနေသော်လည်း သွားလာမှုက မောင်တောမြို့တွင် အများအပြားတွေ့နေရသေးသည်။

DMG ၊ ဇူလိုင် ၁၁

မောင်တောနယ်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့အထိ ကိုဗစ်ကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာပြီဖြစ်သော်လည်း ဒေသခံလူထုအနေဖြင့် ကိုဗစ်ကာကွယ်မှုအပိုင်းတွင် အလွန်အားနည်းနေသေးကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ပြောသည်။

မောင်တောမြို့တွင် မနေ့က ကိုဗစ်အတည်ပြုလူနာ ၂ ဦး ထပ်မံသေဆုံးခဲ့ပြီး ဒေသခံများအနေဖြင့် ရောဂါဖြစ်လျှင် မိမိတို့၏နေအိမ်၌ ကြိတ်မှိတ်ကုသမှုများမလုပ်ကြဘဲ ဆေးရုံကိုလာရောက်ပြသကြရန် လိုအပ်ကြောင်း ဒေါက်တာ နုကေသီစံက ပြောသည်။

“အခုအထိ မောင်တောမှာ သေဆုံးသူ ၅ ဦးအထိ ရှိလာနေတယ်။ ဒါပေမဲ့ လူတွေက အပြင်ကို ထွက်နေကြတုန်းဖြစ်တယ်။ လူငယ်တွေထက် လူကြီးတွေဖျားရင် ချက်ချင်းဆေးရုံကို လာပြဖို့လိုတယ်။ အခုကအိမ်မှာ ကြိတ်ပြီးကုသနေကြတယ်။ နောက်ဆုံးအချိန်ကျမှ ဆေးရုံကိုလာပြကြတယ်။ အဲဒီအချိန်မှာ ဘာမှလုပ်မရတော့ဘူး။ ဖျားနာမှုစဖြစ်ကတည်းက လာပြဖို့လိုတယ်" ဟု ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောသည်။

ဇူလိုင်လ ၁၀ ရက်နေ့က သေဆုံးသွားသည့် ကိုဗစ်အတည်ပြုလူနာမှာ ၂ ဦးမှာ သရက်အုပ်ကျေးရွာမှ အသက် (၅ဝ) ကျော်အရွယ် မူဆလင်တစ်ဦးနှင့် လှဖိုးခေါင်ကယ်ဆယ်ရေးစခန်းတွင် ကွာရင်တင်းဝင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူတစ်ဦးတို့ သေဆုံးသွားခြင်းဖြစ်သည်။

"ကိုဗစ်က မောင်တောတစ်မြို့တည်းဖြစ်နေတာတော့ မဟုတ်ဘူး။ နိုင်ငံတိုင်းမြို့တိုင်းမှာ ဖြစ်နေကြတာဖြစ်တယ်။ ရှက်နေစရာကိစ္စလည်းမဟုတ်ဘူး။ ဒါကိုလူအများစုက ဖျားနာကြရင် ဆေးရုံလာမပြဝံ့ကြဘူး။ လာမပြရင်လည်းနေပါ။ မိမိဘာသာ မိမိနေအိမ်မှာ တစ်ပတ် ၁၀ ရက်လောက် အပြင်မထွက်ဘဲ နေထိုင်ကြဖို့လိုအပ်တယ်။ အခုက အသိပညာမဲ့စွာနဲ့ အပြင်ကိုသွားလာနေကြတော့ ရောဂါကူးစက်မှုကို ပိုဖြစ်စေသွားတယ်။" ဟု ဒေါက်တာနုကေသီစံက ထပ်ပြောသည်။

ဇူလိုင်လ ၅ ရက်နေ့ကလည်း နယ်ခြားစောင့်၊ ကျန်းမာရေးဝန်ထမ်းအပါအဝင် လဝက ဝန်ထမ်း စုစုပေါင်း ၅၄ ဦးထံ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်ပို့ရန် ပြည်မဖက်မှ ရောက်ရှိလာကြသည့် ရေခဲခန်းပါ ငါးမြှစ်ချင်းကားများအား လမ်းဘေးတွင် ညအိပ်ရပ်နားနေသည်ကို တွေ့ရစဉ်။

မောင်တောပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းလှစိန်က “ အခုအချိန်မှာ မြို့ကို Lockdown ချဖို့ လိုအပ်ပါပြီ။ ပြည်နယ်အစိုးရသတ်မှတ်နေစရာမလိုဘူး။ မိမိတို့မြို့က ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအမိန့်နဲ့ သွားလာမှုတွေကို ကန့်သတ်နိုင်ပါတယ်။ ” ဟု ပြောသည်။

မောင်တောမြို့သို့ ပြည်မဖက်မှ ရောက်ရှိလာကြသည့် ကမ်းထိုးရေယာဉ်များနှင့် ကုန်စည်ပို့ဆောင်ရန် ရောက်ရှိလာကြည့် မော်တော်ကားများကိုလည်း ထိန်းချုပ်စစ်ဆေးရန် လိုအပ်ကြောင်း မောင်တောကရုဏာကွန်ယက် ဥက္ကဌ ကိုချစ်ထူးနိုင်က ထောက်ပြသည်။

မနေ့က မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့သူ ၁၈ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၉၄ ဦးနှင့် သေဆုံးသူ ၂ ဦးရှိပြီး ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၀၇ ရှိကာ ဆေးကုသခံနေသူ ၁၆၆ ဦး ကျန်ရှိနေသေးကြောင်း ခရိုင်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်တစ်ပြည်လုံးမှာ မေလကနေ ဇူလိုင် ၁၀ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၇၉၃ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ ၁၄၁ ဦးရှိကာ သေဆုံးသူ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။