မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို တော်လှန်ရေးတပ် (၁၀) ဖွဲ့က သွားလာခွင့်ပိတ်

တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း လက်နက်ကိုင်တော်လှန်ရေးတပ် (၁၀) ဖွဲ့က ပိတ်ပင်တားမြစ်လိုက်သည်။

By Admin 07 Apr 2023

မြဝတီ-ကော့ကရိတ် အာရှလမ်းမတစ်နေရာ။ ဓာတ်ပုံ- KIC
မြဝတီ-ကော့ကရိတ် အာရှလမ်းမတစ်နေရာ။ ဓာတ်ပုံ- KIC

DMG ၊ ဧပြီ ၇

တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးကို ယနေ့ ဧပြီလ ၇ ရက် နေ့မှ  ၂၁ ရက်နေ့ထိ ၁၅ ရက်အတွင်း ဒေသခံခရီးသွားများကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း လက်နက်ကိုင်တော်လှန်ရေးတပ် (၁၀) ဖွဲ့က ပိတ်ပင်တားမြစ်လိုက်သည်။

စစ်ကောင်စီသည် ယင်းလမ်းမကြီးမှတစ်ဆင့် အရပ်သားများ၏ကားများကို အသုံးပြုကာ လူအင်အား၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ ဖြည့်တင်းပို့ဆောင်လျက်ရှိနေသဖြင့် ထိုသို့ ပိတ်ပင်လိုက်ရခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ယနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့များမှာ Cobra စစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ KNU/KNLA (PC) ဗျူဟာမှူး၊ ၊ KNU/KNLA(PC) တပ်ရင်းမှူး၊ ကျားသစ်နက် စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ဂဋ္ဌုန်စစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ဒုစစ်ဒေသမှူး ၂ စစ်ဒေသခွဲ အမှတ် ၃ တောင်ပိုင်း စစ်ဒေသ တို့ ဖြစ်သည်။ 

လမ်းပိတ်လိုက်သည့်အတွက် လက်ရှိတွင် ယာဉ်အသွားလာမရှိဖြစ်နေပြီး အရေးကြီးသည့် ကုန်ကားတချို့မှာ တခြားလမ်းကြောင်းကနေ သွားလာနေကြကြောင်း သိရသည်။

“အခုထိတော့ မြဝတီဘက်သွားချင်ရင် အရင်လို ကားလမ်းမအတိုင်း သွားလို့မရဘူး။ တချို့တလေကတော့ ထော်ကို့ကိုးတောလမ်းကပဲ သွားရတယ်။ အခုမနက်ပိုင်းအထိ အခြေအနေကို ပြောတာပေါ့။ ပြီးတော့ ဘားအံနဲ့ ကျုံဒိုးကြားမှာတော့ ကုန်ကားအချို့ရပ်နေကြတယ်” ဟု  ရန်ကုန်- မြဝတီ ကုန်ကားယာဉ်မောင်းတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ရန်ကုန်မှ မြဝတီသို့လာသည့် ကားများမှာလည်း မြဝတီလမ်းကို မဖြတ်ရဲတော့သဖြင့် ကော့ကရိတ်မှတဆင့် ဘားအံဘက်သို့ နောက်ပြန်လှည့်သွားကြောင်း ကော့ကရိတ်မြို့ခံများထံက သိရသည်။ 

“နေ့လယ်ပိုင်းအထိ ကုန်ကားတချို့ ဘားအံဘက်ကို ပြန်လှည့်နေတာ တွေ့ရတယ်။ ခရီးသည်ယာဉ်တွေကလည်း အခုအထိ သွားလာတာ မရှိသေးဘူး။ အကုန်လုံး အသက်အန္တရာယ် စိုးရိမ်နေရတာ။ လက်ရှိမှာတော့ မြဝတီ ကော့ကရိတ်တောင်ကျော်လမ်းမှာ ပစ်ခတ်အသံတွေတော့ မကြားရဘူး”  ဟု ကော့ကရိတ်မြို့ခံတစ်ဦးက ဆိုသည်။

အလားတူ မြဝတီမြို့ပေါ်မှာလည်း လူသွားလူလာ တိတ်ဆိတ်နေပြီး ပြည်သူများမှာ လမ်းပိတ်လိုက်သည့်အတွက် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်နေရကြောင်း မြဝတီမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ကစ၍ ကော့ကရိတ် မြဝတီမြို့နယ် အာရှလမ်းမကြီးတစ်လျှောက် စစ်ကောင်စီနှင့် ကရင်အပါအဝင် တော်လှန်ရေးတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည်။

အလားတူ မတ်လ ၅ ရက်နေ့ကလည်း မြဝတီမြို့နယ် ရွေက္ကိုလ်ဒေသရှိ စစ်ကောင်စီ လက်အောက်ခံ BGF တပ်စခန်း ၅ ခုကို KNLA နှင့် ပူးပေါင်း မဟာမိတ်တပ်များက တပ်စခန်း ၅ ခုကို ဝင်ရောက် စီးနင်း သိမ်းပိတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈၀ ကျော် သေဆုံးခဲ့ကြောင်း Lion Battalion အဖွဲ့က ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

ထို့သို့ မြဝတီဒေသတွင် စစ်ရေးတင်းမာနေသဖြင့် ရွှေကုက္ကိုလ်အနီး ကျေးရွာပေါင်း ၂၀ ကျော်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်မှာ  ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြဝတီဒေသ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူ OAI အဖွဲ့ တာဝန်ရှိသူ ကိုဖိုးသင်္ကြန်က ပြောသည်။ 

မြဝတီ- ကော့ကရိတ် အာရှလမ်းမသည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွက် အဓိက အရေးပါသည့် လမ်းမကြီးဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးနှင့် ဒေသခံတို့အတွက် အားထားရသည့် လမ်းမကြီးလည်း ဖြစ်သည်။ 

#F001 #F004