ညီနောင်သုံးဖွဲ့၏ စစ်ရေးအောင်မြင်မှုအပေါ် အားရဝမ်းသာကြောင်း ကရင်နီပြည်တပ်ပေါင်းစုံ ထုတ်ပြန်

လားရှိးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ဩဂုတ် ၃ ရက်တွင် ညီနောင်သုံးဖွဲ့ နှင့် အခြားတော်လှန်ရေးအင်အားစုများ စုပေါင်း၍ အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်းကို အားရဝမ်းသာကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။ 

By Admin 05 Aug 2024

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် အောင်ပွဲခံနေသည့် MNDAA တပ်ဖွဲ့ဝင်များ။ 
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် အောင်ပွဲခံနေသည့် MNDAA တပ်ဖွဲ့ဝင်များ။ 

DMG ၊ ဩဂုတ် ၅ 

မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့၏ ရခိုင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအထိ စစ်ရေးအောင်မြင်မှုများအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးကော်မတီက ဩဂုတ် ၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ 

လားရှိးမြို့အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ဩဂုတ် ၃ ရက်တွင် ညီနောင်သုံးဖွဲ့ နှင့် အခြားတော်လှန်ရေးအင်အားစုများ စုပေါင်း၍ အောင်မြင်စွာ သိမ်းပိုက်နိုင်ခြင်းကို အားရဝမ်းသာကြောင်း ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။ 

ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးကော်မတီကို ကရင်နီပြည်တပ်မတော် (Karenni Army)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF/KNPLA)၊ ကရင်နီအမျိုးသားသွေးစည်းညွတ်ရေးအဖွဲ့ (KNSO/KNSA)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO - Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ဖြင့် ဖွဲစည်းထားထားခြင်းဖြစ်သည်။ 

၁ဝ၂၇ စစ်ဆင်ရေး၏ တစ်နေ့ထက်တစ်နေ့ စစ်ရေးအရှိန်အောင်မြင်မှုသည် စုပေါင်းအင်အား၏ တက်ညီလက်ညီ စည်းလုံးမှု အကျိုးဆက်ဖြစ်ကြောင်း ကရင်နီပြည်တပ်ပေါင်းစုံက ထုတ်ပြန်သည်။ 

လားရှိုးတိုက်ပွဲအတွင်း ပြည်သူလူထု၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်လျှောက်ရန်နှင့် ရှမ်းမြောက်‌ဒေသရှိ ပြည်လူထု၏ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် ကြေညာထားသည့်အပေါ် အားရယုံကြည်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုက်တက်ရေးကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် ဆန္ဒပြုထားသည်။

ကရင်နီတပ်ပေါင်းစုံအနေဖြင့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု စနစ်သစ် ပေါ်ထွန်းရေးအတွက် ကျရာနေရာမှ ပြည်သူလူထုတရပ်လုံး မျှော်မှန်းလျက်ရှိသော စစ်ရေး ၊ နိုင်ငံရေး လုပ်ငန်းစဉ်များကို ဟန်ချက်ညီစွာဖြင့် အတူတကွ ဆက်လက်တိုက် ဝင်သွားမည်ဟုလည်း ဆိုသည်။ 

လက်ရှိတွင် နိုင်ငံတဝန်းတွင် စစ်ရေးပဋိပက္ခများ ပြင်းထန်စွာဖြစ်ပွားနေပြီး၊ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် မြို့ပေါင်း ၇၃ မြို့ထိ ရှိလာသည်။