၂၀၂၄ ခုနှစ်အတွက် ပဒိုမန်းရှာဆုကို ကရင်လူငယ်အမျိုးသမီး ပဒိုနော်ရှီဝါး ရရှိ

ဖန်းဖောင်ဒေးရှင်းမှ နှစ်စဉ် ရွေးချယ်ချီးမြှင့်ပေးသည့် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ဘားအံခရိုင်၏ တစ်ဦးတည်းသော အမျိုးသမီးခေါင်းဆောင်နှင့် အသက်အငယ်ဆုံး အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုနော်ရှီဝါးအား ချီးမြှင့်ခဲ့ကြောင်း ဖန်းဖောင်ဒေးရှင်းက ယနေ့ (ဇန်နဝါရီ ၂၇) ထုတ်ပြန်ကြောညာသည်။

By Admin 27 Jan 2025

ပုံစာ - ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရ အမျိုးသမီး ပဒိုနော်ရှီဝါး။
ပုံစာ - ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရ အမျိုးသမီး ပဒိုနော်ရှီဝါး။

DMG ၊ ဇန်နဝါရီ ၂၇

ဖန်းဖောင်ဒေးရှင်းမှ နှစ်စဉ် ရွေးချယ်ချီးမြှင့်ပေးသည့် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုကို ဘားအံခရိုင်၏ တစ်ဦးတည်းသော အမျိုးသမီးခေါင်းဆောင်နှင့် အသက်အငယ်ဆုံး အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုနော်ရှီဝါးအား ချီးမြှင့်ခဲ့ကြောင်း ဖန်းဖောင်ဒေးရှင်းက ယနေ့ (ဇန်နဝါရီ ၂၇) ထုတ်ပြန်ကြောညာသည်။

ပဒိုမန်းရှာ ဆုသည် ကရင်လူမျိုးများ၏ ပညာရေး၊ ဆင်းရဲမွဲတေမှု လျော့ချရေး၊ လူ့အခွင့်အရေး မြှင့်တင်ရေး၊ ယဉ်ကျေးမှု ကာကွယ်ထိန်းသိမ်းရေးစသည့် ကဏ္ဍတို့တွင် ပါဝင်ဆောင်ရွက်နေသည့် အသက် ၃၅ နှစ်အောက် ကရင်လူငယ်ခေါင်းဆောင်များအား နှစ်စဉ်ရွေးချယ်ပြီးချီးမြှင့်သည့် ဆုဖြစ်သည်။

 “ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို လက်ခံရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီလိုဆုမျိုးရဖို့ တစ်ခါမှ စိတ်ကူးမယဉ်ဖူးသလို မျှော်လည်း မမျှော်လင့်ထားဘူး။ ကျမအတွက် ကြီးကြီးမားမား အားပေးမှုတစ်ခု ဖြစ်သလို တခြားလူငယ်အသိုင်းအဝိုင်း ခေါင်းဆောင်တွေအတွက်လည်း လူ့အဖွဲ့အစည်းကိုဆက်လက် ရပ်တည်နိုင်ဖို့နဲ့ ကူညီပေးဖို့အတွက် အားပေးမှုတစ်ခုဖြစ်တယ်” ဟု  ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆုရရှိသူ ပဒိုနော်ရှီဝါးက ပြောသည်။

ပဒိုနော်ရှီဝါးသည် ကော်သူးလေ (ကရင်ပြည်နယ် ဘားအံခရိုင်) ၏ အရေးပေါ် ထောက်ပံ့ရေးကော်မတီ (IDPs) အတွက် စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန အကြီးအကဲလည်းဖြစ်ပြီး အခြေခံလူတန်းစားများ၏ စွမ်းဆောင်နိုင်မှု၊ ပညာရေး မြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ဒေသခံပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှု မြှင့်တင်ရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကော်သူးလေသို့ ထွက်ပြေးခိုလှုံလာကြသည့် မြန်မာနိုင်ငံ အလယ်ပိုင်းမှ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူအများအပြားအတွက် ကယ်ဆယ်ရေး ထောက်ပံ့မှုများကို ပဒိုနော်ရှီဝါးကဦးဆောင်၍ ကူညီပေးခဲ့ကြောင်း ဖန်းဖောင်ဒေးရှင်းက ပြောသည်။ 

ဖန်းဖောင်ဒေးရှင်း၏ ဒါရိုက်တာက “ ပဒိုနော်ရှီဝါးဟာ အောက်ခြေလူထုရဲ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ပြီး သူတို့ရဲ့အသံကိုကြားနိုင်ဖို့ အောက်ခြေလူတန်းစားတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားလုပ်ဆောင်နေတဲ့ လူငယ်ခေါင်းဆောင်အများအပြားထဲက တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အောင်မြင်မှုကို အသိအမှတ်ပြုပြီးတော့ တန်ဖိုးရှိတဲ့အလုပ်တွေကို ပံ့ပိုးပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်” ဟု ပြောသည်။

ဆုကို ဇန်နဝါရီလ ၃၁ ရက်နေ့ ကော်သူးလေမြို့တွင်ကျင်းပမည့် ၇၆ နှစ်မြောက် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် ပဒိုနော်ရှီဝါးအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖန်းဖောင်ဒေးရှင်းကို ပဒိုမန်းရှာနှင့် နန့်ကြည်ရွှေတို့ အားရည်စူးကာ ၂၀၀၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကရင်လူမျိုးများ၏ ပညာရေး၊ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ကဏ္ဍလေးခုတွင် အဓိကထား၍ ကူညီပံ့ပိုးပေးသည့် ဖောင်ဒေးရှင်းတစ်ခုလည်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုကို အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ကရင်လူငယ်အစည်းအရုံး (KYO) အဖွဲ့ဝင် စောအဲလ်ဘတ်ချိုက ရရှိခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာသည် မြန်မာနိုင်ငံ အမျိုးသား စည်းလုံးညီညွှတ်ရေး၊ အာဏာရှင်စနစ် ဖြုတ်ချရေး၊ မြန်မာနိုင်ငံဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။

ပဒိုမန်းရှာသည် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်အတွင်း ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ တွင် သေနတ်သမားနှစ်ဦး၏ ဝင်ရောက်လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသဖြင့် သေဆုံးသွားခဲ့သည်။