စစ်တွေကမ်းခြေအနီးက စားသောက်ဆိုင် ၁၀ ကျော်ကို နှစ်ပတ်အတွင်း ဖယ်ရှားခိုင်း 

သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိပါက စက်ယန္တရားများဖြင့် လာရောက်ဖြိုဖျက်မည့်အပြင် အရေးယူသွားမည်ဟုလည်း မြို့နယ်စည်ပင်က ပြောဆိုကြောင်း ဆိုင်ပိုင်ရှင်များက  ပြောသည်။ 

By Admin 14 Aug 2023

စစ်တွေကမ်းခြေအနီးက စားသောက်ဆိုင် ၁၀ ကျော်ကို နှစ်ပတ်အတွင်း ဖယ်ရှားခိုင်း 

DMG ၊ ဩဂုတ် ၁၄ 

ရခိုင်ပြည်၊ စစ်တွေမြို့ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင် ၁၆ ဆိုင်ကို ဩဂုတ်လ ၂၆ ရက်နေ့မှာ နေရာမှ အပြီးသတ်ဖယ်ရှားပေးရန် မြို့နယ်စည်ပင်က အကြောင်းကြားထားကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။ 

စားသောက်ဆိုင်ပိုင်ရှင် ၁၆ ဦးကို ဩဂုတ်လ ၁၂ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးရုံးတွင် ခေါ်ယူတွေ့ဆုံခဲ့ပြီး နောက်တစ်နေ့တွင် အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ 

“ဒီကမ်းခြေကဆိုင်ရှင်တွေနဲ့ စည်ပင်လူကြီးက ဆွေးနွေးတိုင်ပင်ဖို့ဆိုပြီး ခေါင်းစဉ်ပါတယ်။ အစည်းအဝေးကို တက်ရောက်တဲ့အချိန်မှာကျတော့ ဒီနှစ်ပတ်ကြာရင်တဲ့ ဒီနယ်မြေကနေ အကုန်လုံး ဖျက်သိမ်းပြီးတော့ ပြန်ရမယ်လို့ပြောတယ်” စားသောက်ဆိုင်ပိုင်ရှင် ဦးဘိုဘိုနိုင်က ပြောသည်။ 

စစ်တွေဟိုတယ်အနီးက စားသောက်ဆိုင်များမှာ ကျူးကျော်များဖြစ်ပြီး ဆိုင်ခန်းအသစ်များကိုလည်း ခွင့်မပြုချက်မရှိဘဲ အခိုင်အမာ တိုးချဲ့ဆောက်လုပ်ထားသဖြင့် ဥပဒေနှင့်အညီဖယ်ရှားခြင်းဖြစ်ကြောင်း အကြောင်းအကြားစာတွင် ဖော်ပြထားသည်။ 

သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိပါက စက်ယန္တရားများဖြင့် လာရောက်ဖြိုဖျက်မည့်အပြင် အရေးယူသွားမည်ဟုလည်း မြို့နယ်စည်ပင်က ပြောဆိုကြောင်း ဆိုင်ပိုင်ရှင်များက  ပြောသည်။ 

“မထွက်သွားပေးလို့ရှိရင် စက်ကြီးယန္တရားကြီးတွေနဲ့ ဖြိုခွဲမယ်ပေါ့ ကျမတို့ကို အဲလိုမျိုးပြောပါတယ်။ ဒါဟာ ရုံးကနေပြောရမယ့်စကား မဟုတ်ပါဘူး။ ကျမတို့က အဲ့လောက်ထိလည်း သူတို့အပေါ်မှာ လုပ်ထားတာ မရှိပါဘူး။ ဒါဟာ မရှိဆင်းရဲသားတွေအကုန်လုံး လုပ်ကိုင်စားသောက်နေကြတာပါ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတာပါ” ဟု Global Restaurant ပိုင်ရှင် ဒေါ်မေဇူသင်းက ပြောသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်နယ် ဒုညွှန်ကြားရေးမှူး ဦးကျော်မိုးကို DMG က ဆက်သွယ်ရာ ယင်းဆိုင်ခန်းများမှာ မြို့အင်္ဂါရပ်နှင့် မညီညွတ်သည့်အတွက် စည်ပင်သာယာရေးဥပဒေနှင့်အညီ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပြောသည်။

“ဒီမြို့ပေါ်မှာ ကျူးကျော်တွေက လမ်းပေါ်တွေမှာ အိမ်တွေဆောက်၊ တဲတွေဆောက်၊ လူတွေနေ၊ အဲဒါမျိုးတွေ အများကြီးဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကတော့ မြို့သန့်ရှင်းသာယာလှပရေးနဲ့ ကျနော်တို့ရဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေဖြစ်တဲ့ အဲဒါလေးတွေကို ကျနော်တို့ အဓိက အကောင်အထည်ဖော်တာပါ” ဟု ဦးကျော်မိုးက ပြောသည်။  

လက်ရှိ စားသောက်ဆိုင်ခန်းများ ဆောက်လုပ်ထားသောနေရာမှာ ကျူးကျော်ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ၂၀၁၂ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်(ဟောင်း) ဦးမောင်မောင်အုန်းကိုယ်တိုင် ကမ်းခြေစည်ကားရေးအတွက် တရားဝင် နေရာချပေးထားခြင်းဖြစ်သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။ 

“ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းလက်ထက်က ကျမတို့ကို ဆိုင်ခန်းတွေကို မဲနှိပ်ပြီးတော့ အပေါ်တစ်နေရာ၊ အောက်တစ်နေရာ နေရာချပေးခဲ့တာ” ဟု စားသောက်ဆိုင်ပိုင်ရှင် ဒေါ်ခင်လှရီက ပြောသည်။ 

ဆိုင်ခန်းဖယ်ရှားရမည်ဆိုပါက ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများဆုံးရှုံးပြီး မိသားစုဝင်စားဝတ်နေရေး ထိခိုက်နိုင်သဖြင့် အစားထိုးနေတစ်ခုချပေးရန် ဆိုင်ပိုင်ရှင်များက လိုလားနေကသည်။ 

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကလည်း စစ်တွေမြို့အဝင် ကားဂိတ်အနီးမှ ဆိုင်ခန်း ၂၀ ကျော် ဖယ်ရှားခံခဲ့ရသည်။ ယင်းအပြင် ၂၀၁၉ ခုနှစ်တွင်လည်း လုံခြုံရေးတိုးမြှင့်ရန် ခြံစည်းရိုးကာမည်ဟုဆိုကာ စစ်တွေမြို့အမှတ် (၁) ရဲစခန်းအနီးက ဆိုင်ခန်း ၇၀ ကျော်နှင့် ပြန်/ဆက်ရုံးရှေ့က ဆိုင်ခန်း ၇ ခန်းတို့ကို ဖယ်ရှားခဲ့သည်။ 

#I008