ပြည်သူများ၏ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည် မဟုတ်ကြောင်း ညီနောင်သုံးဖွဲ့ အသိပေး

စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားနေကြရသော မြန်မာပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို လုံးဝ လျစ်လျူရှုသွားမည် မဟုတ်သည့်ကြောင်း ဒီဇင်ဘာ ၁၂ ရက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က အသိပေးထုတ်ပြန်သည်။

By Admin 13 Dec 2023

ပြည်သူများ၏ နိုင်ငံရေးရည်မှန်းချက်ကို လျစ်လျူရှုမည် မဟုတ်ကြောင်း ညီနောင်သုံးဖွဲ့ အသိပေး

စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲနေသည့် MNDAA၊TNLA၊ AA ညီနောင် (၃) ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့သည် တရုတ်၏ ကြားဝင်ညှိနှိုင်းမှုကြောင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်မြို့တွင် ဒီဇင်ဘာ ၁၁ ရက်က တွေ့ဆုံခဲ့ကြသည်။ 

တွေ့ဆုံပွဲတွင် စစ်ကောင်စီနှင့် MNDAA တို့သည် ဒီဇင်ဘာလကုန်အထိ ၁၅ ရက်ကြာ ယာယီအပစ်ရပ်ရန် သဘောတူခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ “အပစ်ရပ်စဲတော့မည်လား” ဆိုသည့် မေးခွန်းသံများလည်း ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သည်။ 

ယင်းနောက်တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြည်သူလူထုများကို ယခုကဲ့သို့ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ 

“မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အဆိုပါကိစ္စရပ်အပေါ် များစွာ စိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုသည်” ဟု ညီနောင်(၃)ဖွဲ့က ဆိုသည်။ ယင်းအပြင် ညီနောင်(၃)ဖွဲ့၏ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ ပြည်သူတစ်ရပ်လုံးနှင့်လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးမှုရှိခဲ့သော်လည်း တိုက်ပွဲအရှိန်မှာ လျော့ကျခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ တရုတ်၏ကြားဝင်ညှိနှိုင်းမှုကြောင့် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ၁၀၂၇ စစ်ဆင်ရေးမှာ ရပ်တန့်သွားမည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခတ်များက ရှုမြင်နေကြသည်။

လက်ရှိတွင် ၁၀၂၇ စစ်ဆင်ရေးသည် ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်စခန်းများ၊ ပြည်သူလူထုကို ဒုက္ခပေးနေသော လက်နက်ကြီးစခန်းကုန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်တိုက်ထုတ်ရင်း ချီတက်လျက်ရှိပြီး အလုံးစုံသောရည်မှန်းချက် ပြည့်ဝရန်အတွက်မူ အချိန်ကာလတစ်ခုအထိ တိုက်ပွဲဝင်ရအုံးမည်ဟု ညီနောင်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ