- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို AA က စစ်ရေးအကူအညီများ ဆက်တိုက်ပေးနေ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ရက္ခိုင့်တပ်တော်(AA)က စနိုက်ပါသင်တန်း၊ အထူးတိုက်ခိုက်ရေးသင်တန်းများ ဆက်တိုက်ပေးနေသည်ကို တွေ့ရသည်။
31 Aug 2023
DMG ၊ ဩဂုတ် ၃၁
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ရက္ခိုင့်တပ်တော်(AA)က စနိုက်ပါသင်တန်း၊ အထူးတိုက်ခိုက်ရေးသင်တန်းများ ဆက်တိုက်ပေးနေသည်ကို တွေ့ရသည်။
ရက္ခိုင့်တပ်တော်(ULA/AA)က အထူးတိုက်ခိုက်ရေးသင်တန်း ပိုချပေးနေသော ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force)မှ တပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲကို ဩဂုတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပြီး AA အရာရှိများက တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်သည်။
ကျောင်းသားလက်ရုံးတပ်တော်ကို စစ်အာဏာသိမ်းမှုနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)မှ ဦးဆောင်သူ ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ရက္ခိုင့်တပ်တော်၏ လွတ်မြောက်နယ်မြေ၌ အခြေခံစစ်ပညာသင်ယူကာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် အခြားနေရာများတွင် စစ်ကောင်စီကို ပြင်းပြန်းထန်ထန် တော်လှန်တိုက်ခိုက်လျက် ရှိသည်။
ထိုအတူ ကဗျာဆရာ မောင်ဆောင်းခ ဦးဆောင်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ကိုလည်း AA က စနိုက်ပါသင်တန်းများ သင်ကြားပေးလျက်ရှိပြီး ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲကို ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ဗမာပြည်က ဖယ်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးအင်အားစုတွေ ပေါင်းစည်းမှုဟာ သမိုင်းမှာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။ ကြိုဆိုအပ်တဲ့ ကိစ္စဖြစ်တယ်။ ရခိုင်တပ်တော်ကလည်း ဗမာရဲဘော်တွေ အပါအဝင် တခြားတိုင်းရင်းသားတွေကို လေ့ကျင့်ပေးတယ်။ အလားတူ ချင်းကလည်းပဲ ဒီလိုပဲ လေ့ကျင့်ပေးနေတာရှိတယ်။ ဒါတွေဟာ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်မယ့် အင်အားစုအားလုံးကို ပေါင်းစည်းပေးပြီး လေ့ကျင့်ပေးတာဖြစ်တယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NUG၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များကို ပံ့ပိုးနေသော လက်နက်ကိုင်အဖွဲ့များကို ပြတ်သားစွာ အရေးယူသွားမည်ဟု ပြောဆိုထားသည်။ သို့သော် AA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို စစ်ရေးအကူအညီများ ပေးနေကြဆဲဖြစ်သည်။
AA ပါဝင်သော ညီနောင်သုံးဖွဲ့က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ကို လက်နက်ခဲယမ်းများနှင့် စစ်ရေးအကူအညီများ ပေးထားကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ KNDF တည်ထောင်ခြင်း ၂ နှစ်ပြည့် မိန့်ခွန်းတွင် ထည့်သွင်းဖော်ပြထားသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့(မင်းတပ်) CDF-Mindat ကိုလည်း ရက္ခိုင့်တပ်တော်(AA)က အိမ်နီးချင်းကောင်း မိတ်ဖက်အဖွဲ့အဖြစ် စစ်ပညာ၊ လက်နက်ခဲယမ်းများ ဆက်လက်ကူညီပေးသွားမည်ဟု ဧပြီလ ၂၄ ရက်နေ့က ပြောခဲ့သည်။
အလားတူ ချင်းပြည်နယ်မှ မရာနယ်မြေကာကွယ်ရေးတပ်ဖွဲ့(MDF)၊ ပြည်မဒေသမှ လူထုတော်လှန်ရေးမဟာမိတ် (PRA-Magway)၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA)တိုကိုလည်း လက်နက်နှင့် စစ်ရေးဆိုင်ရာများ ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များကို AA က ကူညီပေးနေခြင်းမှာ မဟာမိတ်ဆက်ဆံရေးအရ ဖြစ်နိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ရှုမြင်သည်။
“ULA/AA အနေနဲ့ သင်တန်းတွေပေးတယ် ဆိုတာကတော့ မဟာမိတ်ဆက်ဆံရေးအနေနဲ့ ပေးတာဖြစ်နိုင်တယ်။ ပြီးတော့ တဖက်မှာလည်း ဘုံရန်သူကို တိုက်ဖို့အတွက် အားပေးတာလည်းဖြစ်နိုင်တယ်” ဟု ၎င်းကပြောသည်။
“မဟာမိတ်ဆက်ဆံရေးအနေနဲ့ ပေးတာဖြစ်နိုင်သလို ညီနောင်သုံးဖွဲ့နဲ့ ဆက်စပ်ပြီးတော့ ပေးတာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲပေးပေး ဒီဟာတွေက ဘုံရန်သူကို တိုက်တဲ့အချိန်မှာ တစ်ဖွဲ့ကိုတစ်ဖွဲ့ ကူညီတာဖြစ်တယ်” ဟု ဦးဖေသန်းက ဆက်ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သူများကို အင်အားသုံးဖြိုခွင်းပစ်ခတ်မှုများကြောင့် လူငယ်အများအပြားမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ နယ်မြေများသို ရောက်ရှိလာကာ စစ်ပညာသင်ပြီး နိုင်ငံအနှံ့တွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသည်။
#R007