ကျောက်ဖြူ‌မြို့ခံ အမျိုးသမီးတစ်ဦးကို NUG၊ CRPH နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့် 

အသက် ၂၆ နှစ်အရွယ် မခင်ငြိမ်းငြိမ်းချမ်းမှာ နိုဝင်ဘာလ ၂၂ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး NUG၊ CRPH နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များက ပြောသည်။ 

By Admin 28 Nov 2023

NUG၊ CRPH နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မခင်ငြိမ်းငြိမ်းချမ်း။
NUG၊ CRPH နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးအမှုဖွင့်ခံထားရသည့် မခင်ငြိမ်းငြိမ်းချမ်း။

DMG ၊ နိုဝင်ဘာ ၂၈   

ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) တို့နှင့်ဆက်စပ်မှုကြောင့် ဖမ်းဆီးအမှုဖွင့်ထားသည်ဟု စစ်ကောင်စီက နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်သည်။ 

တောင်ရင်းရပ်ကွက်မှ မခင်ငြိမ်းငြိမ်းချမ်း(ခ) ငြိမ်းငြိမ်းသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ပြီး “Khin Nyein Nyein Chan” Facebook အကောင့်ဖြင့် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ နိုဝင်ဘာလ ၂၆ ရက်နေ့က အမှုဖွင့် အရေးယူခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ 

အသက် ၂၆ နှစ်အရွယ် မခင်ငြိမ်းငြိမ်းချမ်းမှာ နိုဝင်ဘာလ ၂၂ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး NUG၊ CRPH နှင့် တစ်စုံတစ်ရာ ဆက်စပ်မှုမရှိကြောင်း မိသားစုဝင်များက ပြောသည်။ 

“အမှုဖွင့်ထားတာကို မိသားစုဝင်တွေ မသိရသေးသလို သူနဲ့တွေ့ခွင့်လည်း မရသေးပါဘူး။ ဖမ်းဆီးသွားတဲ့ နေ့ကတည်းက ဒီနေ့အချိန်ထိ အဆက်သွယ်မရသေးတာပါ” ဟု မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

Khin Nyein Nyein Chan” အကောင့်ကို DMG က ဝင်ရောက်လေ့လာကြည့်ရာ သူမမှာ Online Shopping လုပ်နေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီက စွပ်စွဲထားသကဲ့သို့ “နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သော ပို့စ်များကို” မတွေ့ရပေ။ သူမနောက်ဆုံး ပို့စ်တင်ခဲ့ခြင်းက အောက်တိုဘာ ၁၁ ရက်နေ့ဖြစ်သည်။  

ရခိုင်ပြည်တွင် တကျော့ပြန် တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစပြီး စစ်ကောင်စီသည် အရပ်သားများအား ဖမ်းဆီးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး လက်ရှိတွင် စစ်တွေ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့နယ်တို့မှ ဒေသခံ ၆၀ ဦးထက်မနည်း ဖမ်းဆီးထားသည်။ 

ယင်းသို့ ဖမ်းဆီးထားမှုနှင့်ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိဘဲ NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးအရေးယူခြင်းကိုသာ ထုတ်ပြန်လျက်ရှိသည်။ လက်ရှိတိုက်ပွဲကာလတွင် NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားသည့် ရခိုင်ဒေသခံ ၃ ဦးအထိ ရှိလာပြီး ၎င်းတို့မှာ စစ်တွေမှ နှစ်ဦးနှင့် ကျောက်ဖြူမှ တစ်ဦးဖြစ်သည်။ 

နိုဝင်ဘာလ ၂၄ ရက်က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ တေဇာရာမ (သရက်အုပ်) ဘုန်းကြီးကျောင်းမှ ကျောင်းတိုက်ဆရာတော် ဦးဥူးကောဝိဒ(ခ)ငြိမ်းချမ်းဝင်းကို NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဟုဆိုကာ ၅၀၅(ခ)ဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည်။ 
 
ဆရာတော်နှင့်နီးစပ်သူတစ်ဦးက “သူ့ကိုလာမယ့် နိုဝင်ဘာ ၆ ရက်နေ့ထိ ရမန်ယူထားပါတယ်။ အမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ထမင်းပို့လို့ရပေမယ့် သူနဲ့တွေ့ပြီး စကားပြောခွင့် မရဘူး” ဟု ပြောသည်။ 

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့ စင်ပြိုင်အုပ်ချုပ်နေသော ရခိုင်ဒေသတွင် NUG အဖွဲ့ စိုးမိုးမှုမရှိသဖြင့် NUG၊ CRPH တို့နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးနေခြင်းမှာ ယုတ္တိမရှိကြောင်း ဒေသခံများက ပြောသည်။ 

“စစ်ကောင်စီက ငါတို့ထင်သလို လုပ်လို့ရတယ် ဆိုတဲ့အထာနဲ့ လုပ်ချင်သလိုလုပ်နေတယ်။ AA နဲ့ ဆက်စပ်တယ် ဆိုပြီး စွပ်စွဲမယ်။ အခုဆိုရင် NUG နဲ့ ဆက်စပ်လို့ စွပ်စွဲတယ်။ ရခိုင်မှာက NUG မစိုးမိုးသလို တချို့ဒေသခံတွေက သိတောင်မသိကြဘူး။ ဒါက ပြည်သူတွေ အကြောက်တရားရအောင် လုပ်ဆောင်နေတာလို့ မြင်တယ်” ဟု တက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက  ပြောသည်။ 

NUG၊ CRPH တို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လှုံ့ဆော်ဝါဒဖြန့်မှုများကို ပြုလုပ်ခြင်း၊ ထပ်ဆင့်ဝေမျှခြင်း၊ ကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က)နှင့် ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဥပဒေပုဒ်မ ၃၃ (က)တို့ဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

#D003 #DMG

ဗီဒီယိုများ