- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
ရခိုင်တွင် မုန်တိုင်းအလွန် သွေးလွန်တုပ်ကွေး အဖြစ်များလာ
“ခြင်ပေါက်ပွားမှုက အရမ်းမြန်နေတော့ ခြင်ကနေတစ်ဆင့်ဖြစ်တဲ့ ရောဂါတွေလည်း မြန်မြန်ဆန်ဆန် များလာနိုင်တယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက် များလာနိုင်တယ်”
09 Jun 2023
DMG ၊ ဇွန် ၉
“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းအလွန် ရခိုင်က မြို့နယ်သီးသီးမှာ စွန့်ပစ်အမှိုက်များလာခြင်း၊ အိမ်ခြံဝန်းနှင့် ရေမြောင်းများတွင် ရေဝပ်ပြီးသန့်ရှင်းမှုမရှိခြင်း တို့ကြောင့် ခြင်မှတစ်ဆင့်ကူးစက်သည့် သွေးလွန်တုပ်ကွေးရောဂါ အဖြစ်များလာကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၀၉ ဦးရှိပြီး မေလအတွင်းမှာပင် ရောဂါဖြစ်ပွားသူ ၇၉ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။
“ခြင်ပေါက်ပွားမှုက အရမ်းမြန်နေတော့ ခြင်ကနေတစ်ဆင့်ဖြစ်တဲ့ ရောဂါတွေလည်း မြန်မြန်ဆန်ဆန် များလာနိုင်တယ်။ ဒီနှစ်ကတော့ အရင်နှစ်ထက် များလာနိုင်တယ်” ဟု ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။
ကျန်းမာရေးဦးစီးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းစေရန်အတွက် ခြင်နှိမ်နှင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး လိုအပ်သည့်ဆေးဝါးများကိုလည်း ပြည်ထောင်စုမှရရှိအောင် ကြိုးစားနေကြောင်း ဆိုသည်။
မုန်တိုင်းလွန်ကာလ လောက်လမ်းသေဆေး (abate) ဆေးခပ်ခြင်းအပြင် သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါမဖြစ်စေရန်နှင့် အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုအတွက် တစ်မြို့လျှင် ကျန်းမာရေးဝန်ထမ်း ၂၀ ဦးနှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မုန်တိုင်းတိုက်ခတ်စဉ် ဒီရေမြင့်တက်ခဲ့သဖြင့် အမှိုက်ထွက်ရှိမှု များပြားလာခြင်းကြောင့် ယခင်နှစ်ထက် ခြင်ပေါက်ဖွားမှု ပိုများလာကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မုန်တိုင်းပြီးကတည်းက ခြင်သေးသေးလေးတွေ အရမ်းများလာတာ။ ကလေးတွေ သွေးလွန်တုတ်ကွေးဖြစ်မှာကို စိုးရိမ်တယ်” ဟု စစ်တွေမြို့ ဒေသခံ ဒေါ်သိန်းသိန်းက ပြောသည်။
သွေးလွန်တုပ်ကွေးရောဂါမှာ ရာသီတုပ်ကွေး ရောဂါလက္ခဏာနှင့်ဆင်တူပြီး အသက် ၁၅ နှစ်အောက် ကလေးများနှင့် အသက်ကြီးပိုင်းများတွင် အဖြစ်များလေ့ရှိကာ တစ်ခါတစ်ရံ အသက်သေဆုံးနိုင်ကြောင်း ကျန်းမာရေးဌာနက အသိပေးထားသည်။
ရောဂါလက္ခဏာများမှာ အဖျားကြီးခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ မျက်လုံးနာကျင်ခြင်း၊ ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်း၊ ပြင်းထန်စွာဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဗျို့ခြင်း၊ အန်ခြင်းနှင့် ခန္ဓာကိုယ်အနှံ့ အနီအကွက်ပေါ်ခြင်း စသည့် ရောဂါလက္ခာဏာများပြသကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှ ဦးထွန်းတင်စိုးက “ရာသီဥတုက နေပူလိုက်မိုးရွာလိုက်ဆိုတော့ ရွာမှာ နေမကောင်းဖြစ်တဲ့သူတွေရှိတယ်။ ခြင်တွေကတော့ အရင်ထက်တော့ ပိုများလာတယ်။ ခြင်ထောင်တွေ အထောက်အပံ့ရတာတော့ ရှိတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်မှာကိုတော့ စိုးရိမ်တယ်” ဟု ပြောသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၀၆ ဦးနှင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ရောဂါ ဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိ သည်။
#R010 #I001