- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
တရုတ်သည် စစ်ကောင်စီဘက်မှ ပြတ်သားစွာ ရပ်တည်နေသည်ဟု စစ်ခေါင်းဆောင်ပြော
တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၉ ရက် နေပြည်တော် အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
20 Nov 2024
DMG ၊ နိုဝင်ဘာ ၂၀
စစ်ကောင်စီ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဆောင်ရွက်ချက်များအပေါ် တရုတ်အစိုးရက ပြတ်ပြတ်သားသား ထောက်ခံရပ်တည်နေကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံနှင့် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၉ ရက် နေပြည်တော် အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
“တရုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ရရှိလိုကြောင်း ဆွေးနွေးပြောကြားခဲ့တယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ အစိုးရဆောင်ရွက်ချက်တွေအပေါ် ပြတ်ပြတ်သားသားရပ်တည်တဲ့ ပြောကြားချက်တွေဖြစ်တယ်”
ယင်းအပြင် တရုတ် - မြန်မာနယ်စပ် ဒေသကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုများကိုလည်း တရုတ်အစိုးရက အားပေးထောက်ခံကြောင်း စစ်ခေါင်းဆောင်က ဆက်ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “တရုတ်နဲ့ စစ်ကောင်စီက ရည်ရွယ်ချက်မတူဘူး။ စစ်ကောင်စီက နယ်မြေမဆုံးရှုံးဖို့အတွက် တရုတ်အကူအညီလိုတယ်။ တရုတ်ကလည်း သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီကို အသုံးချနေတယ်” ဟု ပြောသည်။
တရုတ်အစိုးရသည် စစ်ကောင်စီနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများပိုင် လုပ်ငန်းများကို ကာကွယ်စောင့်ရှောက်ရန် လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) ဖွဲ့စည်းရန် ကမ်းလှမ်းထားသည်။ စစ်ကောင်စီကလည်း နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း၍ လေ့လာနေကြောင်း ပြောဆိုထားသည်။
“တရုတ်အနေနဲ့ နိုင်ငံရေးအရ ဖိအားပေးတာထက် စစ်ရေးအရပါ ဖိအားပေးဖို့ ကြိုးစားလာတယ်။ တရုတ်စစ်တပ်လို့ ပေါ်တင်မသုံးတာပဲ ရှိတယ်။ တရုတ်အကျိုးစီးပွားအတွက် ကျောက်ဖြူမှာ လုံခြုံရေးယူမယ် ဆိုတာတွေ ပါလာတယ်။ လက်ရှိတိုက်နေတဲ့ မြို့တွေကို အာရက္ခတပ်တော်က သိမ်းပြီးရင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ကို ထိုးစစ်ဆင်လာနိုင်တယ်လို့ တွက်ဆထားပုံရတယ်။ အဲဒါကြောင့် သူတို့ဘက်က ကာကွယ်ဖို့ အပူတပြင်း ပြင်ဆင်လာတာလို့မြင်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားစစ်တပ် အခြေချခွင့်မရှိဆိုသည့် အချက်ကို လက်တလုံးခြားလုပ်ရန်နှင့် လက်နက်ကိုင်လုံခြုံရေးကုမ္ပဏီ ဆိုသည်မှာလည်း အမည်ပြောင်း တရုတ်လက်အောက်ခံ စစ်တပ်သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ထားရသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် တရုတ်၏ ဒရုန်းနည်းပညာအကူအညီဖြင့် ကြိုးပမ်းလာနိုင်၍ တော်လှန်ရေးအဖွဲ့များအနေဖြင့် သတိထားသင့်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။