မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ သီရိမင်္ဂလာခန့်မအား ယာယီဆေးရုံအဖြစ် အသုံးပြုရန်ပြင်ဆင်

မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ သီရိမင်္ဂလာခန့်မအား ယာယီဆေးရုံအဖြစ်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

29 Jun 2021

DMG ၊ ဇွန် ၃၀

မောင်တောမြို့တွင် ကိုဗစ်ပိုးတွေ့လူနာတိုးလာ၍ သီရိမင်္ဂလာခန့်မအား ယာယီဆေးရုံအဖြစ်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံ၌ ကိုဗစ်အတည်ပြုလူနာ ၂၀ ဦးသာ ထားရှိနိုင်သဖြင့် မောင်တောမြို့ သီရိမင်္ဂလာခန့်မအား ယာယီဆေးရုံအဖြစ်အသုံးပြုနိုင်ရန် ဇွန်လ ၂၉ ရက်နေ့က စတင် ပြင်ဆင်လျက်ရှိသည်။

မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက "လူနာတွေများလာနေတော့ သီရိမင်္ဂလာခန်းမကို ယာယီဆေးရုံအဖြစ် အသုံးပြုသွားမှာဖြစ်တယ်" ဟု ပြောသည်။

မောင်တောမြို့တွင် ဇွန်လ ၂၉ ရက်နေ့ကလည်း ပညာရေးဝန်ထမ်း ၂ ဦး၊ ကိုဗစ်ပိုးတွေ့ရှိသူများနှင့်ထိတွေ့ခဲ့သူ ၈ ဦး၊ ကညင်တန်းကျေးရွာအုပ်စုမှ ၁ ဦး စုစုပေါင်း ၁၁ ဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သဖြင့် လက်ရှိအချိန်ထိ ကိုဗစ်အတည်ပြုလူနာ ၂၇ ဦးအထိ ရှိလာနေသည်။

ယင်းကိုဗစ်အတည်ပြုလူနာများထဲမှ ဒေသတွင်းကူးစက်ခံရသူ ၂၄ ဦးမှာ မောင်တောခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားကြပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင် ယခင်ဖြစ်ပွားခဲ့သည့် ကိုဗစ်မျိုးရိုးလောက်ကိုသာ စစ်ဆေးမှုပြုလုပ်နိုင်ပြီး ကိုဗစ် ဗီဇမျိုးပြောင်းအား စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်း ကိုဗစ်ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ ဥပဒေချုပ်ရုံးတွင် ယဇွန်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့်  သတင်းစာရှင်းလင်းပွဲ၌ ပြည်နယ်ကုသရေးဦးစီးဌာနမှူးက ပြောကြားခဲ့သည်။

ကိုဗစ်သံသယလူနာများအား ကိုဗစ်ပိုးရှိမရှိသာ စစ်ဆေးနိုင်ပြီး ကိုဗစ်မျိုးဗီဇပြောင်းမျိုး ဟုတ်မဟုတ်ကို စစ်၍မရကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က ပြောထားသည်။

ရခိုင်တစ်ပြည်လုံးတွင် ဇွန်လ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၅၀ ခန့်အထိ ရှိလာနေကာ စစ်တွေမြို့မှ ဆီးချိုရောဂါအခံရှိသည့် ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးတစ်ဦးမှာ ဇွန်လ ၂၈ ရက်နေ့က သေဆုံးခဲ့သည်။