မုဒိမ်းမှုများနှင့် လုံခြုံမှုကင်းမဲ့လာသည့် စစ်ဘေးရှောင် အမျိုးသမီးတို့ဘဝ

ဥပမာ - ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက မုဒိမ်းမှုမှာ ကျူးလွန်ခံရသူအမျိုးသမီးသာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုမှုသာ မလုပ်ခဲ့ဘူးဆိုရင် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်သား (၃) ဦးကိုလည်း အရေးယူနိုင်ခဲ့မှာ မဟုတ်သလို ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။

11 Jul 2021

DMG ၊ ဇူလိုင် ၁၁  

(အယ်ဒီတာ့အာဘော်)

၂၀၁၈ နှစ်ကုန်းပိုင်းကစတင်ပြီး ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ရက္ခိုင့်တပ်တော်နှင့် မြန်မာ့တပ်မတော်တို့ကြား ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြားမှာ အများဆုံး ထိခိုက်ခံစားခဲ့ရသူတွေက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပဲ ဖြစ်ပါတယ်။ နေအိမ်တွေ ကျေးရွာတွေအပေါ် လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ သေဆုံးဒဏ်ရာရှိမှုတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရာမှာလည်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ပိုပြီးတော့ ဒုက္ခရောက်ကြရပါတယ်။

စစ်ဘေးရှောင်တဲ့သူတွေထဲမှာ တချို့က ဆွေမျိုးနီးစပ်ရှိရာကို သွားရောက်နေထိုင်ကြမယ့် အများစုကတော့ အမိုးအကာတွေ မလုံခြုံတဲ့ စစ်ဘေးရှောင်စခန်းတွေမှာပဲ နေထိုင်နေကြရတာပါ။ လက်ရှိမှာ ဒေသတည်ငြိမ်မှုတွေ ရှိလာတဲ့အတွက် နေရပ်ပြန်သူတွေ များလာပေမဲ့လည်း လူဦးရေ တစ်သိန်းကျော်ဟာ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရဆဲပဲ ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ အမျိုးသမီးတွေဟာ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်နေကြရတဲ့အထဲ အခုနောက်ပိုင်းမှာဆိုရင် မုဒိမ်းမှု ကျူးလွန်ခံရတာတွေလည်း ရှိလာနေပါတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်းမှာပဲ ဘူးသီးတောင်၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့က စစ်ဘေးရှောင်စခန်းသုံးခုမှာ မုဒိမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီထဲကမှ ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အမှုဆိုရင် သက်ငယ်မုဒိမ်းမှုဖြစ်ပြီး ပြုကျင့်ခံရသူ အမျိုးသမီးငယ်ဟာ ဉာဏ်ရည် မသန်စွမ်းသူလည်း ဖြစ်ပါတယ်။

ဥပဒေရေးရာကုစားရေးအဖွဲ့ (Legal Clinic Myanmar) ရဲ့ စာရင်းတွေအရ ၂၀၁၉ ခုနှစ်တွင် ရခိုင်ပြည်အတွင်း သက်ငယ်မုဒိမ်းမှု (၅)မှုသာ ဖြစ်ပွားခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် အမှု (၂၀)ထိ ဖြစ်ပွားခဲ့ပြီး ၄ ဆထိ မြင့်တက်ခဲ့ပါတယ်။ လက်ရှိတွင်လည်း ရခိုင်ပြည်အတွင်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားတာ (၇) မှုခန့် ရှိနေပါတယ်။  

မိမိတို့ရဲ့နေအိမ်တွေ၊ မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာပင် လုံခြုံမှုမရှိဘဲ ယခုလိုမျိုး အဓမ္မပြုကျင့်ခံနေရလျှင် မိမိတို့ ပတ်ဝန်းကျင်မဟုတ်တဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်နေကြရတဲ့ အမျိုးသမီးတွေအတွက် ပိုပြီးတော့ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတွေဟာ ရေချိုးတာ၊ အိမ်သာတက်တာကအစ ထင်းခွေ၊ ရေခပ်သွားတဲ့ အချိန်တွေမှာလည်း မလုံခြုံမှုတွေနဲ့ ကြုံတွေ့နေကြရပါတယ်။ ရခိုင်ပြည်အတွင်းမှာ ယခင်က မုဒိမ်းမှုဖြစ်ပွားတာ နည်းပါးခဲ့ပေမယ့် ယခုနောက်ပိုင်းနှစ်တွေမှာ ခပ်စိပ်စိပ် ဖြစ်လာနေတာကိုလည်း တွေ့လာနေရပါတယ်။ တိုက်ပွဲ ၂ နှစ်တာ ကာလအတွင်းမှာဆိုလည်း စာရင်းကောက်ယူလို့ မရနိုင်တဲ့ မုဒိမ်းမှုတွေ ရှိခဲ့ပါတယ်။ မိမိတို့ရဲ့ အရှက်သိက္ခာအတွက်ကြောင့် ရေငုံနှုတ်ပိတ် နေလိုက်ကြ၍လည်း ကျူးလွန်တဲ့သူတွေက ပိုပြီး အတင့်ရဲလာကြတာလည်း ဖြစ်ပါတယ်။ ဥပမာ - ၂၀၂၀ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာက မုဒိမ်းမှုမှာ ကျူးလွန်ခံရသူအမျိုးသမီးသာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆိုမှုသာ မလုပ်ခဲ့ဘူးဆိုရင် ကျူးလွန်ခဲ့တဲ့ မြန်မာစစ်သား (၃) ဦးကိုလည်း အရေးယူနိုင်ခဲ့မှာ မဟုတ်သလို ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ပါဘူး။

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့လည်း အဓမ္မပြုကျင့်မှု ကျူးလွန်ခံရပြီဆိုရင် ရဲရဲဝံ့ဝံ့နဲ့ ရှေ့ထွက်ပြီး ရင်ဆိုင်ဖို့လိုအပ်ပါတယ်။ ဒီလို ကျူးလွန်ခံရသူတွေအပေါ် ရှေးရိုးဆန်တဲ့ လူ့အသိုက်ဝန်းကလည်း နှိမ့်ချတဲ့ မမြင်တွေနဲ့ မကြည့်မိဖို့လိုအပ်သလို အရပ်ဖက်လူမှုအဖွဲ့တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း တရားမျှတမှု ရရှိအောင် အကူအညီပေးဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ တရားမျှတမှုဆိုတာ ဘာလဲလို့ မေးခွန်းထုတ်စရာ ရှိပါတယ်။ အဓမ္မမှု ကျူးလွန်ခဲ့သူကို ဖမ်းဆီးထောင်ချနိုင်ရင် တရားမျှတမှု ဖြစ်ပြီးလား။ ကျူးလွန်ခံရသူတွေ ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာကို ဘယ်လိုကုစားကြမလဲ။

ဒါကြောင့် လူ့အသိုက်အဝန်း၊ လူမှုအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ကျူးလွန်ခံရသူတွေကို ဝန်းရံကူညီပြီး ကာကွယ်ပေးကြဖို့လိုအပ်သလို အတတ်နိုင်ဆုံး သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်အောင် ဆောင်ရွက်ပေးကြပါလို့ DMG က တိုက်တွန်းလိုက်ပါတယ်။

#DMG.Editorial.11.7.2021

ဗီဒီယိုများ