- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ဆန်စပါးကုန်သွယ်ရေးနှင့် ရခိုင်ပြည်၏ စားနပ်ရိက္ခာ အခက်အခဲ
လက်ရှိတွင်လည်း ဆန်စပါးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေကြရသည်။
12 Mar 2023
DMG (အယ်ဒီတာ့အာဘော်)
ရခိုင်ပြည်တွင် လယ်ယာမြေစိုက်ဧက ၁၂ သိန်းကျော် ရှိသည်ဆိုသော်လည်း အမှန်တကယ် စိုက်ပျိုးနိုင်သည့် မြေဧကမှာ သုံးပုံနှစ်ပုံခန့်သာရှိသည်။
စိုက်ပျိုးပြီးစပါးထဲက ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့်အတွက် စပါးအထွက်နှုန်း အလွန်အမင်းကျဆင်းခဲ့ရကာ ဆန်ဈေးနှုန်းလည်း မြင့်တက်နေသည်။ တရိပ်ရိပ်မြင့်တက်လာသော ဆန်စပါးဈေးနှုန်းမှာ မိုးရာသီရောက်ပါက ယခုထက် ဈေးမြင့်လာနိုင်ခြေ ရှိနေသေးသည်။
မြန်မာတစ်နိုင်ငံလုံး စစ်မီးတောက်နေချိန်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးမှု ကျဆင်းနေချိန်တွင် ရခိုင်ပြည်က ဆန်များကို ပြည်မဘက်သို့ တင်ပို့နေသောကြောင့် ယင်းသို့ ဖြစ်လာရခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းဒေသကြီးအများစုမှာ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် စိုက်ပျိုးရေးသာမက စီးပွားရေးပါ ချွတ်ခြုံကျသည့်အခြေအနေကို ရင်ဆိုင်နေကြရသည်။ စားနပ်ရိက္ခာ မဖူလုံခြင်းနှင့် ဘဝလုံခြုံမှုမရှိသည့် အနေအထားကိုပါ တပြိုင်တည်း ခံစားနေကြရပြန်သည်။
ရခိုင်ပြည်ကထွက်သည့် ဆန်စပါးနှင့် ရခိုင်ပြည်သူ စားသုံးမှုနှုန်းကို ယှဉ်ကြည့်ပါက ပိုလျှံမှု အနည်းငယ်သာ ရှိပေလိမ့်မည်။ ထိုသို့အခြေအနေတွင် စားနပ်ရိက္ခာ ဖူလုံမှုကို အနှောင့်အယှက်ဖြစ်စေသည့် ဝိသမလောဘသားများကြောင့် ရခိုင်ပြည်ကထွက်သည့် ဆန်များမှာ ပြည်မနှင့် ပြည်ပဘက်သို့ ရောက်ရှိသွားကြသည်။
လယ်သမားများအနေဖြင့် ဈေးကောင်းရရှိနေသည်ဟု ထင်ရသော်ငြား အမှန်တကယ် အကျိုးအမြတ် ရရှိနေသူများမှာ ဆန်ကုန်သည်များသာ ဖြစ်သည်။
ယခုအချိန်တွင် ဆန်ကုန်သည်များအနေဖြင့် မိမိတစ်ဦးတည်း အကျိုးအမြတ်ထက် အမျိုးသားရေးကို ဦးထိပ်ပန်ပြီး ကိုယ့်တိုင်းပြည်, ကိုယ့်လူမျိုးအရေးကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မည်။
ရခိုင်ပြည်မှာ ၁၉၆၇ ခုနှစ်က ဆန်ရှားပါးမှုကြောင့် စစ်တွေမြို့မှာ ဆန်ပြဿနာဖြစ်ပွားခဲ့ရပြီး လူပေါင်း ၃၀၀ ကျော်ခန့် ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည်။ သို့သော်လည်း တော်လှန်ရေးကောင်စီ အစိုးရကတော့ လူ ၂၄ ဦးသာ သေဆုံးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင်လည်း ဆန်စပါးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေကြရသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်၏ သွားလာရခက်ခဲသော ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် ဆန်စပါးဈေးနှုန်းမှာ ပိုမိုမြင့်တက်လာနိုင်ဖွယ် အရိပ်အယောင်ကို တွေ့မြင်နေရသည်။
ခရီးလမ်းပိတ်ဆို့တားဆီးမှု၊ သယ်ယူစရိတ်ကြီးမြင့်မှုတို့ကြောင့် ဆန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာရပြီး ပြည်မနှင့် ပြည်ပ(ဘင်္ဂလားဒေ့ရှ်)သို့ တင်ပို့နေမှုများကြောင့်လည်း ဆန်ရှားပါးမှုပြဿနာကို ရင်ဆိုင်ရဖွယ်ရှိနေသည်။
စစ်ကောင်စီအနေဖြင့်လည်း ရခိုင်ပြည်အတွက် အရန်ဆန်လုံလောက်မှုရှိအောင် စီမံပေးရပ်လိုအပ်သလို ရခိုင်ပြည်အတွင်း သြဇာအာဏာရှိသည့် ULA/AA အနေဖြင့်လည်း ဆန်ကုန်သည်များကို ထိန်းကျောင်းတည့်မတ်ပေးရန် လိုအပ်ပေသည်။
ဆန်ကုန်သည်တချို့က ငွေကြေးအကျိုးအမြတ်တစ်ခုတည်းအတွက် သာမကဘဲ ရခိုင်ပြည်ထဲက ဆန်စပါးများကို ရခိုင်ပြည်ပြင်ပသို့ ရောက်ရှိသွားအောင် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်နေသည်များလည်း ရှိနေသည်။
ဤကဲ့သို့ လုပ်ရပ်များကိုလည်း ဝန်းဝိုင်းတားဆီးရန် လိုအပ်ပါသည်။ စီးပွားရေး သပ်သပ်မဟုတ်ဘဲ နိုင်ငံရေးပယောဂပါ တွဲ၍ပါလာပါက လူမဆန်သည့်လုပ်ရပ်ကို ပြုလုပ်ခြင်းသာဖြစ်သည်။
တစ်ဖက်တွင်လည်း ငွေရလွယ်သည့် တရားမဝင်လုပ်ငန်းများကြောင့် ရခိုင်ပြည်မြောက်ပိုင်းက တောင်သူလယ်သမားတချို့မှာ လယ်ယာလုပ်ငန်းကို စွန့်ခွါမှုများပြားလာနေသည်။ ဆန်စပါးအထွက်နှုန်း ကျဆင်းနေရသည့်အထဲ လယ်ယာလုပ်ငန်းကို စွန့်ခွါမှုများပြားလာနေသည့်အတွက် ဆန်စပါးရှားပါးမှုကို မလွဲမသွေ ရင်ဆိုင်ရနိုင်ဖွယ် ရှိနေသည်။
ဖေဖေါ်ဝါရီလ ၂၇ နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆန်စပါးကုန်ကူးနေမှုများအား စောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်ကိုလည်း တွေ့ရသည်။
သို့သော်ငြားလည်း ခေတ်အဆက်ဆက် လုပ်စားခဲ့ကြသည့် လက်မဲကြီး မှောင်ခိုသမားများအား တားဆီးနိုင်ရန် ခက်ခဲပေလိမ့်မည်။
ဆန်သည် မြန်မာနိုင်ငံသားများအဖို့ မရှိမဖြစ်လိုအပ်သည့် စားနပ်ရိက္ခာဖြစ်သည့်အတွက် လုံလောက်သည့် အရန်ဆံများကို စုဆောင်းထားရန်လည်း လိုအပ်ပေလိမ့်မည်။
၁၉၄၀ ကျော် ကာလများက ရခိုင်ပြည်တွင် ဆန်ရှားပါးမှုပြဿနာများကို ကြုံတွေ့ခဲ့ကြရပြီး တောင်သူလယ်သမား အများစုပင် ဆန်ကြမ်းကို သစ်ဥသစ်ဖုများဖြင့် ရောချက်စားသောက်ခဲ့ကြရသည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ ရခိုင်ပြည်၏ ဆန်အထွက်နှုန်းကျဆင်းခဲ့ခြင်းကြောင့်မဟုတ်ဘဲ နယ်ချဲ့အင်္ဂလိပ်တို့၏ စီးပွားရေးလောဘကြောင့် ပြည်ပသို့ ဆန်တန်ချိန်များစွာ တင်ပို့ခဲ့ခြင်းကြောင့်ဖြစ်သည်။
လက်ရှိအခြေအနေတွင်လည်း ဝိသမလောဘသားများက မိမိတို့အကျိုးအမြတ် တစ်ခုတည်းကိုသာကြည့်ပြီး ရခိုင်ပြည်သူတို့၏ မျက်နှာကို မထောက်ရှုဘဲ ယင်းကဲ့သို့ လုပ်ဆောင်နေကြဆဲဖြစ်သည်ကို တွေ့မြင်နေရသည်။
လက်ရှိ နိုင်ငံတော်အာဏာကို သိမ်းယူထားသည့် စစ်ကောင်စီသည် ပြည်သူအရေးထက် မိမိတို့၏ အာဏာတည်မြဲရေးကိုသာ အဓိကဦးတည်ထားသည့်အတွက် ပြည်သူများ၏ စားဝတ်နေရေးကို ထည့်တွက်စဉ်းစားလိမ့်မည် မဟုတ်ပေ။
ထို့အတွက်ကြောင့် ရခိုင်ပြည်အတွင်း ဆန်စပါး စားနပ်ရိက္ခာဖူလုံစေဖို့အရေး ရခိုင်ပြည်သူများက စောင့်ကြည့်တားဆီးပေးရန် လိုအပ်နေသည်ဟု DMG က တိုက်တွန်းရေးသားလိုက်ပါသည်။