- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
မြေပုံမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ၍ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရပြန်
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ သရက်တောင်ကျေးရွာကို ယနေ့ မတ်လ ၂၃ ရက်၊ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
23 Mar 2024
သေဆုံးသွားသူမှာ သရက်တောင်ကျေးရွာတွင် လာရောက်နေထိုင်နေသည့် မင်းပြားကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာရရှိသွားသူမှာ သရက်တောင်ကျေးရွာသားဖြစ်သည်။
“ဂျက်ဖိုက်တာနဲ့ လာကြဲတာ။ ရွာထဲကိုရော ရွာပြင်ကိုရော ဗုံးသီး ၇ လုံးလောက်ကျတယ်။ ရွာအပြင်က ပုစွန်မွေးမြူရေးကန်မှာ နေတဲ့ အသက်(၅၀)အရွယ် အမျိုးသားတစ်ယောက် သေသွားတယ်။ အခု သဂြိုလ်ဖို့ လုပ်နေကြတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်အချို့ပျက်စီးသွားပြီး ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
မတ်လ ၂၂ ရက်ကလည်း မြေပုံမြို့နယ်၊ ညောင်ကန်ကျေးရွာနှင့် တောင်ပေါက်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရရှိသွားပြီး နေအိမ်များလည်း မီးလောင်ပျက်စီးသွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီသည် မြေပုံမြို့နယ်အတွင်းက ကျေးရွာအချို့ကို ယခုရက်ပိုင်းတွင် လေကြောင်းဖြင့် လာရောက်ဗုံးကြဲမှုများ ဆက်တိုက်ရှိလာသဖြင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေသည်။
“အနီးအနားမှာ တိုက်ပွဲတွေရှိတယ်ဆိုရင်တောင် ကျမတို့က ရွာကိုထားပြီး တိမ်းရှောင်နေကြမှာ။ အခုက ဘာတိုက်ပွဲမှလည်း မရှိဘူး။ ဒါကိုမှ ဟိုရွာကို ဗုံးကြဲလိုက်၊ ဒီရွာကို ဗုံးကြဲလိုက်နဲ့ ပြည်သူတွေကို သပ်သပ်မဲ့ သတ်ဖြတ်နေတယ်” ဟု သရက်တောင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်တွင် စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အရပ်သားများနေထိုင်ရာ မြို့/ရွာများကို ဦးတည်ပစ်ခတ်နေ၍ ထိခိုက်သေဆုံးမှုများ နေ့စဉ်ရက်ဆက်ရှိနေသည်။
DMG က ကောက်ယူထားသည့် စာရင်းများအရ မတ်လ ၁၅ ရက်မှ ၂၃ ရက်အထိ (၈) ရက်တာအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တို့တွင် အရပ်သား သေဆုံးသူ ၃၀ ဦးနှင့် ဒဏ်ရာရသူ ၄၀ ကျော် ထက်မနည်းရှိသည်။