- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
တောင်ကုတ်မြို့တွင်း နေအိမ်ဖောက်ထွင်းသူများကို လိုက်လံဖမ်းဆီးနေကြောင်း AA ပြော
မြို့တွင်းလုံခြုံရေး၊ ဒေသခံများချန်ထားခဲ့သောပစ္စည်းများ မပျောက်မပျက်စေရေးနှင့် ခိုးယူဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးဆောင်ရွက်နေမှုများ ကြား၌ပင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိကြောင်း AA ထုတ်ပြန်သည်။
29 Nov 2024
DMG ၊ နိုဝင်ဘာ ၂၉
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် တိုက်ပွဲကာလ ဒေသခံများနေရပ်စွန့်ခွာသွားစဉ် ပြည်သူပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူသူများအား ခိုးရာပါပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။
မြို့တွင်းနေအိမ်များတွင် ကျန်ရစ်ခဲ့သော ပစ္စည်းများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ၊ အိမ်အသုံးဆောင်များ၊ အဝတ်အထည်၊ အခြေခံစားသောက်ကုန်များ၊ ကျွဲ၊ နွား၊ ကြက်၊ ဝက် တိရစ္ဆာန်များနှင့် ရောင်းစား၍ရနိုင်သော ပစ္စည်းများကို ဒေသခံအချို့နှင့် သူခိုးအချို့က ခိုးယူဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်။
“တောင်ကုတ်မြို့ကို အလုံးစုံမသိမ်းပိုက်နိုင်သေးဘဲ တိုက်ပွဲပြင်းထန်နေတဲ့ အချိန်ကာလအတောအတွင်းကို အခွင့်ကောင်းယူပြီး ခိုးယူမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဖမ်းဆီးရမိတဲ့သူခိုးတွေဆီက သိရတယ်။ အဲဒီသူခိုးတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်း အသိပေးပါတယ်” ဟု AA က ထုတ်ပြန်သည်။
တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာလ ၂၄ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းစင်နယ်မြေအဖြစ် အာရက္ခတပ်တော်က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
မြို့တွင်းလုံခြုံရေး၊ ဒေသခံများချန်ထားခဲ့သောပစ္စည်းများ မပျောက်မပျက်စေရေးနှင့် ခိုးယူဖောက်ထွင်းမှုများ မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးဆောင်ရွက်နေမှုများ ကြား၌ပင် သူခိုးများကို ခိုးရာပါပစ္စည်းများနှင့်အတူ နေ့စဉ် ဖမ်းဆီးရမိလျက်ရှိကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သိမ်းဆည်းရမိသော ခိုးရာပါပစ္စည်းများကို သူခိုးများအားမေးမြန်းပြီး ပိုင်ရှင်အစစ်အမှန်များ လက်ထဲသို့ အပ်နှံသွားမည်ဖြစ်ကာ လတ်တလော တိုက်ပွဲများကြောင့် အဆိုပါပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ထံတွင် ကောင်းမွန်စွာ သိမ်းဆည်းထားကြောင်း AA က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် စစ်ဘေးရှောင်နေသည့် တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက “အိမ်မှာ အိုးခွက်၊ ပန်းကန် အကုန်လုံး အခိုးခံရတယ်။ အလျင်စလိုထွက်လာရတော့ ဘာမှပါမလာဘူး။ ဆုံးသွားတဲ့ပစ္စည်းတွေကို ပြန်ရမယ်ဆိုရင်တော့ လိုချင်တာပေါ့။ သူတို့ပေးတဲ့အထဲမှာ ကိုယ့်ပစ္စည်းပါတယ် ဆိုရင် ဝမ်းသာရမှာပေါ့။ အိမ်နားကလူမှာဆိုရင် ဆိုင်ကယ်တွေ ပျောက်သွားတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စသည့် မြို့သိမ်းတိုက်ပွဲများအတွင်း ဒေသခံအချို့၏ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများအား ခိုးယူသူများကိုလည်း AA က ဖမ်းဆီးအရေးယူပြီး အခိုးခံရသည့် ပစ္စည်းများကို ပိုင်ရှင်များထံ ပေးအပ်ခဲ့သည်။
ရခိုင်စာရေးဆရာ ဝေဟင်အောင်က “စစ်ဖြစ်တာ၊ ဆင်းရဲမွဲတည်မှုနဲ့ အဆင်မပြေတာတွေကို အကြောင်းပြပြီး ခိုးချင်တဲ့လူက သပ်သပ်ရှိတယ်။ အဲဒီဂွင်ကိုချောင်းပြီး လုပ်နေကြတဲ့သူတွေရှိတယ်။ ဒီအပေါ်မှာ AA က အခုလို ဖမ်းဆီးတာတွေ၊ မြို့တွေကို စနစ်တကျထိန်းသိမ်းပြီး မပျောက်မရှရအောင် ကိုင်တွယ်လာတွေက ကောင်းတယ်။ ကျန်တဲ့မြို့တွေကိုလည်း ဒီပုံစံမျိုးပဲ ဆက်ပြီးလုပ်ဆောင်သင့်တယ်” ဟု ပြောသည်။
တောင်ကုတ်မြို့ကို အလုံးစုံ မထိန်းချုပ်နိုင်စဉ်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့အတွင်းမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူဖျက်ဆီးခြင်း၊ လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့် မြို့တွင်းနေအိမ်၊ တိုက်တာ အဆောက်အအုံအချို့မှာ ပျက်စီးသွားကြောင်း AA က ထုတ်ပြန်ထားသည်။
လက်ရှိတွင် တောင်ကုတ်မြို့နယ်အတွင်း သိမ်းပိုက်ရန်ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ်နှင့် လက်အောက်ခံ ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းများကို AA က ဆက်လက် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။