- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
- တိုက်စွမ်းအားပြည့်ဝသည့် စစ်ရေယာဉ်ကြီးများ တည်ဆောက်သွားမည်ဟု စစ်ခေါင်းဆောင်ပြော
- ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
ကျောက်တော်က စစ်ဘေးရှောင်များ ဌာနဆိုင်ရာရုံးများတွင် လုပ်အားပေးနေရ
စစ်ဘေးရှောင်များ လုပ်အားပေးအဖြစ်လုပ်ကိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် စခန်းတာဝန်ရှိသူများထံ အကြောင်းကြားပြီး လိုအပ်သည့်လူဦးရေအလိုက် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ် စသဖြင့် အလှည့်ကျသွားနေရကြောင်း သိရသည်။
19 Oct 2023
DMG ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်တွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များမှာ ဌာနဆိုင်ရာရုံးများတွင် လုပ်အားခငွေကြေး တစ်စုံတစ်ရာမရရှိဘဲ လုပ်အားပေးနေကြရသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ကျောက်တော်မြို့ ကမ်းနားလမ်းတွင် အမှိုက်သိမ်းဆည်းခြင်း၊ ဆေးရုံတွင် သန့်ရှင်းရေးလုပ်ခြင်း၊ အထွေထွေအုပ်ချုပ်ရေးရုံးခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ခြင်း စသည်တို့ကို လုပ်ကိုင်ပေးရသည်ဟု စစ်ဘေးရှောင်များကပြောသည်။
ဆေးရုံတွင် သန့်ရှင်းရေးနှစ်ကြိမ် လုပ်ကိုင်ပေးဖူးသည့် မဟာကံကြီးသျှင် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက “ပထမတစ်ခါ သွားတုန်းကတော့ ကိုယ်ကျတဲ့နေရာမှာ လုပ်ရတယ်။ နောက်တော့ ပိန်းပင်တွေ၊ မြက်ပင်တွေ ရှင်းလင်းပေးရတယ်။ ဆေးရုံမှာ အညစ်အကြေးတွေ ဆေးရတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းအမျိုးသမီးက “မိန်းမအသုံးအဆောင်တွေ၊ ဟိုပစ္စည်း၊ ဒီပစ္စည်းတွေ၊ ဟိုအဆိုးဒီအဆိုး၊ ရေသန့်ဗူးခွံတွေ ဆေးရုံမှာဆိုတာက သိတဲ့အတိုင်းပဲ အမျိုးမျိုးအမှိုက်တွေကို ကောက်ရတယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များ လုပ်အားပေးအဖြစ်လုပ်ကိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် စခန်းတာဝန်ရှိသူများထံ အကြောင်းကြားပြီး လိုအပ်သည့်လူဦးရေအလိုက် တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ် စသဖြင့် အလှည့်ကျသွားနေရကြောင်း သိရသည်။
ထိုသို့ လုပ်အားပေးအဖြစ် သွားရောက်မလုပ်ကိုင်လျှင် စားနပ်ရိက္ခာထောက်ပံ့မှုများကို ရပ်ဆိုင်းခံရမည်ဟု ခြိမ်းခြောက်မှုများရှိ၍ စားသောက်ရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်ပြီး သွားရောက်လုပ်ကိုင် ပေးနေရသည်ဟု စစ်ဘေးရှောင်များကပြောသည်။
“ကျမတို့ကိုယ့်ခန္ဓာက သူများစိတ်နဲ့ နေရတာ။ ဒီနေရာမှာ အိမ်လည်းမရှိ၊ ထားသလိုနေ၊ မဝရင်လည်းစား ဝရင်လည်းစား ကျမတို့မှာ ပြောခွင့်မရှိဘူး။ မပြည့်စုံလို့ သူတို့ကပေးတဲ့ ရိက္ခာနည်းနည်းလေးကို မရမှာတွက်ပြီး ကိုယ့်မိသားစု ဝမ်းမဝမှာစိုးရိမ်တဲ့အတွက် ပြောပိုင်ခွင့်မရှိဖြစ်နေတယ်။” ဟု ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုအောက်တိုဘာလအတွင်း ကျောက်တော်မြို့ သုဿာန်တွင် မြက်ပင်များရှင်းလင်းရေး လုပ်အားပေး လုပ်ကိုင်ပေးရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အသိပေး အကြောင်းကြားထားကြောင်းလည်း စစ်ဘေးရှောင်များထံမှ သိရသည်။
စစ်ဘေးရှောင်များမှာ ယခုနှစ် အစောပိုင်းမှစ၍ အခကြေးငွေမရဘဲ လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးနေရခြင်းဖြစ်သည်ဟု သိရသည်။
လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးခဲ့ရသည့် ကာလတစ်လျှောက် “မိုခါ” မုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးပစ္စည်းများကို အတင်အချလုပ်ပေးခဲ့ရသည့် လုပ်အားခအဖြစ် ငွေကျပ် ၁,၅၀၀ တစ်ကြိမ်သာ ရရှိဖူးသည်ဟု စစ်ဘေးရှောင်များ၏ ပြောကြားချက်အရ သိရသည်။
“စခန်းတစ်ခုက အားလုံးသွားရတာ မဟုတ်ဘဲ အယောက်သုံးဆယ်လောက် သွားရတယ်။ အယောက်နှစ်ဆယ်သွားရတဲ့ စခန်းတွေလည်းရှိတယ်။ ဆယ့်ငါးယောက်သွားရတဲ့ စခန်းလည်းရှိတယ်။ အဲဒီတုန်းကတော့ ဆန်တစ်အိတ်ကို ကုန်တင်ကုန်ချခ သုံးရာရခဲ့တယ်။ အထွေထွေပစ္စည်း ကုန်တင်ကုန်ချလုပ်တဲ့ လုပ်အားခတော့ မရခဲ့ဘူး” ဟု ကျောက်တော်မြို့၊ မီးရတားဘူတာ စစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များအနေဖြင့် လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးမှုအတွက် နစ်နာမှုမရှိစေရဘဲ အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင် ပြည်နယ်အဆင့်တွင် တောင်းဆိုပေးမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများက ပြောဆိုထားကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“တောင်းဆိုတဲ့နေရာမှာလည်း ငါတို့ အလုပ်သွားလုပ်လိုက်တာနဲ့ တချိန်ချိန်မှာ အလုပ်ရလာမယ်လို့ မျှော်လင့်ချက် လုံးဝမထားနဲ့ ကျနော်တို့က တင်ပြပေးမယ်။ တင်ပြလို့ကျလာရင် ချပေးမယ်။ ခေါ်တဲ့အချိန်မှာ မလာဘဲ ကလန်ကဆန်လုပ်နေရင်တော့ ကယ်ဆယ်ရေးစခန်းက ထွက်သွားဖို့တောင် ပြောတဲ့စကားရှိတယ်။” ဟု ကျောက်တော်မြို့၊ မီးရထားဘူတာ စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
ကျောက်တော်က စစ်ဘေးရှောင်များ ဌာနဆိုင်ရာရာရုံးများတွင် လုပ်အားပေးအဖြစ် လုပ်ကိုင်ပေးနေရသည်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွှန့်ကို DMG မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသည်မှာ ၄ နှစ်နီးပါး ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် ယနေ့အထိ နေရပ်မပြန်နိုင်သေးပေ။
စစ်ဘေးရှောင်များမှာ စခန်းတွင်းနေထိုင်မှု အချိန်ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအပြင် လုပ်အားပေးခိုင်းစေမှုများရှိလာသဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေကြောင်း စစ်ဘေးရှောင်များက ပြောဆိုကြသည်။