ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA  ထိုးဖောက်ဝင်ရောက်

စစ်ကောင်စီက ကြေး၊ ရေ၊ လေ ပူးပေါင်းကာ အသည်းအသန် ခုခံနေသည့်ကြားမှ AA ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် အတွင်းပိုင်းထိ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

By Admin 27 Dec 2024

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် တွေ့ရသော AA တပ်သားတစ်ဦး။ ဓာတ်ပုံ - AA Info Desk 
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲတွင် တွေ့ရသော AA တပ်သားတစ်ဦး။ ဓာတ်ပုံ - AA Info Desk 

DMG ၊ ဒီဇင်ဘာ ၂၇ 

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေပြီး  ခမရ(၅၆၂)တပ်ရင်း အတွင်းပိုင်းထိ အာရက္ခတပ်တော်(AA) က ဝင်ရောက်နေရာယူ တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။

ကြည်း၊ ရေ၊ လေ ပူးပေါင်းကာ အသည်းအသန် ခုခံနေသည့်ကြားမှ AA ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် အတွင်းပိုင်းထိ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း AA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

 “ရိုးတောင်ဖက်က အမြောက်တပ်ကလည်း လှမ်းပစ်တယ်။ နေဗီကလည်း ပစ်တယ်။ လေယာဉ်နဲ့လည်း ပစ်တယ်။ အပြင်းအထန်ခုခံနေတာပါ။ စကစက အဲဒီတပ်ရင်းထဲမှာ လိုဏ်ခေါင်းဖောက်ပြီးတော့ ခုခံနေတာ။ AA ဖက်ကလည်း အပြင်းအထန်ထိုးစစ်ကြောင့် အခုတော့ အတွင်းပိုင်းအထိ ရောက်နေပါပြီ” ဟု ပြောသည်။ 

စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို အလံဖြူထောင်ပြီး အမြန်ဆုံးအလင်းဝင်ရန် AA ဘက်က အသိပေးထားကြောင်း သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မှာ ရိုးမတောင်ဖက်သို့ တပ်ဆုတ်ခွာနေကြပြီး ၎င်းတို့ကို AA က ဖြတ်တောက် တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ဂွမြို့တွင် စစ်ကောင်စီတပ်ရင်းနှစ်ခုရှိပြီး ခမရ (၅၆၃) တပ်ရင်းကို ဒီဇင်ဘာ ၂၀ ရက်တွင် AA က သိမ်းပိုက်ခဲ့ပြီး လက်ကျန်တပ်ရင်း ခမရ (၅၆၂) ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ 

လက်ရှိတွင် ဂွ - ငသိုင်းချောင်း ရိုးမတောင်ကျော်လမ်းကို AA က ပိတ်ဆို့ထားပြီး၊ လမ်းကြောတစ်လျှောက်ရှိ စစ်ကောင်စီ၏ ယာယီတပ်စခန်းများကိုလည်း ထိုးစစ်ဆင်နေကြောင်း မြေပြင်သတင်းရင်းမြစ်က ဆိုသည်။ 

“ရိုးထက်မှာ စကစရဲ့ ယာယီစခန်းတွေ ၃ ခုလောက်ရှိမယ်။ အဲဒီစခန်းတွေကိုလည်း AA က တိုက်ခိုက်နေတာ ရှိတယ်။ အဲဒီဖက်မှာလည်း လက်နက်ချတဲ့သူတွေ ရှိတယ်” ဟု ပြောသည်။ 

ဒေသတွင်းတိုက်ပွဲများကြောင့် ဂွဒေသခံအများအပြားမှာ သံတွဲမြို့နယ်နှင့် ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် စစ်ဘေးတိမ်းရှောင်နေကြသည်။

ဂွမြို့၏ သုံးပုံနှစ်ပုံကို သိမ်းပိုက်ရရှိထားပြီး စစ်ကောင်စီ၏ လက်ကျန်တပ်ရင်း၊ စခန်းများကို ဆက်လက် တိုက်ခိုက်နေပြီး စစ်ကူလာသော တပ်မ(၁၁)လက်အောက်ခံ တပ်ရင်းများ၊ အခြားသော တပ်ရင်းပေါင်းများစွာ တို့နှင့် တိုက်ပွဲပြင်းထန်နေသည်ဟု AA က ဒီဇင်ဘာ ၂၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ရှုံးနေသည့် စစ်ကောင်စီသည် ဂွမြို့နယ်ရှိ ကျေးရွာတချို့နှင့် လူနေအိမ်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ တံတားများအား မိုင်းခွဲဖျက်ဆီးတို့ကိုလည်း ဆက်တိုက်လုပ်နေကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ဂွမြို့နယ်ကို အပြီးသတ်သိမ်းပိုက်ပြီးပါက ရခိုင်ဒေသအတွင်း၌ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် မြို့နယ် (၃) ခုကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုထားသည်။