မြန်မာက ထောပတ်သီး ၉၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ထိုင်းကမ်းလှမ်း

ယခုနှစ် မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီး ၉၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ထိုင်းနိုင်ငံဘက်မှ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

By Admin 18 Oct 2023

ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန

DMG ၊ အောက်တိုဘာ ၁၈

ယခုနှစ် မြန်မာနိုင်ငံမှ ထွက်ရှိသော ထောပတ်သီး ၉၀ ရာခိုင်နှုန်းကို ဝယ်ယူရန် ထိုင်းနိုင်ငံဘက်မှ ကမ်းလှမ်းထားကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

လက်ရှိ ထောပတ်သီးများကို နယ်စပ်မှတစ်ဆင့် တင်ပို့နိုင်ရန်အတွက် စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေးဝန်းကြီးနှင့် ထိုင်းအစိုးရတို့ကြား သဘောတူဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

“မြန်မာနိုင်ငံကထွက်တဲ့ export တန်းဝင် ထောပတ်သီးတွေကို တင်သွင်းမှာဖြစ်တယ်။ တင်ပို့မှုကိုတော့ အောက်တိုဘာလကုန်မှာ စတင်သွားမယ်” ဟု မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။

ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချမည့် ထောပတ်သီးမှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ တင်သွင်းသည့် Hass မျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပျှဉ်းမျှအားဖြင့် တန်ချိန် ၃,၀၀၀ မှ ၅,၀၀၀ အကြား ထွက်ရှိကြောင်း ထောပတ်သီးစိုက်ပျိုးသူများထံမှ သိရသည်။

ယခုနှစ် မြန်မာနိုင်ငံမှထွက်ရှိသော ထောပတ်သီးများကို ထိုင်းအပြင် အိန္ဒိယနိုင်ငံမှလည်း ဝယ်ယူရန် ကမ်းလှမ်းထားပြီး ထောပတ်သီးပေါ်ချိန်တွင် နှစ်နိုင်ငံလုံးကို တင်ပို့ရောင်းချသွားမည်ဟု လုပ်ငန်းရှင်များကပြောသည်။

မြန်မာနိုင်ငံတွင် ထောပတ်သီးများကို ပြည်ပနိုင်ငံများသို့ တွင်ကျယ်စွာ တင်ပို့ရောင်းချနိုင်ရန်အတွက် သိုလှောင်မှုပိုင်းမှာ အားနည်းချက်များရှိနေသေးသည်ဟု ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသည့် Northern treasure ကုမ္ပဏီ တည်ထောင်သူ ဦးမျိုးညွှန့်က ပြောသည်။

“ဈေးကွက်ဝယ်လိုအားရှိပေမယ့် ထင်သလောက် မတင်ပို့နိုင်သေးဘူး။ ထောပတ်သီးကို သန့်စင်တာ၊ အခြောက်ခံတာ၊ ဆိုက်ရွေးတာ၊ ထုတ်ပိုးတာနဲ့ အအေးခံသိုလှောင်ရုံ ပို့တဲ့စနစ်က အားနည်းနေသေးတယ်။ ဒါတွေကိုလုပ်နိုင်ရင် ဒီထက်များများစားစား တင်ပို့နိုင်လိမ့်မယ်။ အဲဒါတွေကလည်း အစိုးရပိုင်းက ကူညီမှရမယ်” ဟု ဦးမျိုးညွှန့်က ပြောသည်။

မြန်မာနိုင်ငံမှ ထောပတ်သီးများကို အာရှနိုင်ငံများအပြင် ဒူဘိုင်း၊ ဥရောပနိုင်ငံများက ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားသော်လည်း ထုတ်လုပ်မှုအားနည်းချက်ကြောင့် မတင်ပို့နိုင်သေးဟု ဦးမျိုးညွှန့်က ဆက်ပြောသည်။

ထောပတ်သီးကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ မန္တလေးတိုင်း ပြင်ဦးလွင်၊ ချင်းပြည်နယ် ဟားခါး၊ ကန်ပက်လက်၊ ဖလမ်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် နာဂတောင်တန်းဒေသတို့တွင် စိုက်ပျိုးကြပြီး စိုက်ဧက နှစ်သောင်းကျော်ရှိသည်။ ယင်းထဲမှ ပြည်ပသို့တင်ပို့ရန် တန်းဝင်ထောပတ်သီး စိုက်ပျိုးဧက တစ်သောင်းခွဲကျော်ရှိသည်။