မောင်တောတွင် ဒေသတွင်းကိုဗစ်ကူးစက်သူ ၃ ဦးထပ်တိုး၊ မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးပါဝင်
မောင်တောမြို့နယ်တွင် ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကိုဗစ်ကူးစက်ခံရသူ ၃ ဦး ထပ်တိုးလာပြီး ယင်းအထဲတွင် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။
26 Jun 2021
DMG ၊ ဇွန် ၂၆
မောင်တောမြို့နယ်တွင် ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကိုဗစ်ကူးစက်ခံရသူ ၃ ဦး ထပ်တိုးလာပြီး ယင်းအထဲတွင် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးလည်းပါဝင်ကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်ကူးစက်ခံထားရသူ ၃ ဦးကို ဇွန်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။
မောင်တောမြို့နယ် ရွှေဇားကျေးရွာအုပ်စု၊ ကပ္ပကောင်းကျေးရွာမှ အမျိုးသားတစ်ဦးမှာ နေမကောင်း၍ ဇွန်လ ၂၃ ရက်နေ့က မောင်တောပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေစဉ် COVID-19 သံသယ လက္ခဏာတွေ့ရသဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ရာ ရောဂါပိုးမတွေ့ရှိရဘဲ ဇွန်လ ၂၅ ရက်နေ့က ဒုတိယအကြိမ် စစ်ဆေးရာ၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ကြက်ရိုးပြင်ကျေးရွာမှ အမျိုးသားတစ်ဦးမှာလည်း ဇွန်လ ၂၆ ရက်နေ့က နေမကောင်း၍ ဆေးရုံ လာပြရာမှ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဦးမှာ ၄ မိုင်ရပ်ကွက်မှ ကိုဗစ်ပိုးတွေ့ရှိထားသည့် အမျိုးသမီး၏ လင်ယောကျ်ားဖြစ်ကြောင်း သိရသည်။
မောင်တောခရိုင် ပြည်သူဆေးရုံအုပ် ဒေါက်တာနုကေသီစံက “သူတို့နဲ့ထိတွေ့သူတွေကို အခုကျန်းမာရေး ဝန်ထမ်းတွေလိုက်စုံစမ်းနေကြတယ်။ အရေအတွက်တော့ မသိရသေးဘူး” ဟု ပြောသည်။
၄ မိုင်ရပ်ကွက်မှ ကိုဗစ်အတည်ပြုလူနာ အမျိုးသမီးမှာ မောင်တောမြို့ အမှတ်(၂) ရဲတပ်ရင်းတွင်နေထိုင်သည့် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး၏ဇနီးဖြစ်သည်။ ဇနီးဖြစ်သူတွင် ပိုးတွေ့ရှိပြီးနောက် ယောင်္ကျားဖြစ်သူ ရဲအုပ်ကို အသွားအလာကန့်သတ်ထားကာ ဇွန်လ ၂၆ ရက်နေ့ စစ်ဆေးရာ၌ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
မောင်တောမြို့နယ်၌ ဇွန်လအတွင်း ကိုဗစ်ရောဂါပိုးကူးစက်ခံထားရသူ ၁၀ ဦးအထိရှိလာနေပြီ ဒေသတွင်း ကူးစက်ခံရသူ ၇ ဦးနှင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူ ၃ ဦးတို့ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းကူးစက်ခံရသူ ၇ ဦးမှာ လက်ရှိတွင် ဆေးကုသမှုခံယူလျက်ရှိပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ တရားမဝင်ပြန်လာပြီး ပိုးတွေ့ရှိသူ ၃ ဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းသွားကြပြီဖြစ်သည်။
ကိုဗစ်တတိယလှိုင်းကူးစက်မှုတွင် ရခိုင်ပြည်အတွင်း၌ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ၉၀ ကျော်အထိ ရှိလာနေပြီး စစ်တွေမြို့နယ်မှာ ပိုးတွေ့လူနာအများဆုံးဖြစ်သည်။