ရခိုင်တွင် မုန်တိုင်းလွန်ကာလ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မြင့်တက်

တစ်နေ့တည်းတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၂၁ အထိ တွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက သိရသည်။ 

03 Jul 2023

မြောက်ဦးမြို့နယ်တွင် ULA/AA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Cyclone Mocha ERRCA
မြောက်ဦးမြို့နယ်တွင် ULA/AA က ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ကို ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Cyclone Mocha ERRCA

DMG ၊ ဇူလိုင် ၃

ရခိုင်ပြည်အတွင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် တောင်ကုတ်၊ ကျောက်ဖြူ စသည့်မြို့နယ်တို့တွင် ဇူလိုင်လ ၁ ရက်နေ့ တစ်နေ့တည်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၁ ဦးအထိရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“အဓိကဖြစ်ပွားတာကတော့ တောင်ကုတ်၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်တွေမှာ အများကြီးဖြစ်ပွားနေ ကြတယ်”ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က ပြောသည်။

၂၀၂၃ ခုနှစ် ခြောက်လတာအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၄၁၆ ဦးရှိခဲ့ပြီး ဇန်နန်ဝါရီလ ၁၀ ဦး၊ ဖေဖော်ဝါရီလ ၄ ဦး၊ မတ်လ ၃ ဦး၊ ဧပြီလ ၁၁ ဦးနှင့် မေလ ၇၉ ဦး၊ ဇွန်လ ၃၀၉ ဦးဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ မေလမှ ဇူလိုင်လ ၁ ရက်နေ့အထိ ၄၀၉ ဦးအထိရှိသဖြင့် ယခင်လများနှင့် နှိုင်းယဉ်ပါက မုန်တိုင်းလွန်ကာလတွင် ဖြစ်ပွားသူဦးရေ တိုးလာနေသည်ကို တွေ့ရသည်။

မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သော “မိုခါ” မုန်တိုင်းအလွန် ရခိုင်ပြည်အတွင်းက မြို့နယ်အသီးသီးတွင် စွန့်ပစ်အမှိုက်များလာခြင်း၊ အိမ်ခြံဝင်းနှင့် ရေမြောင်းတို့တွင် ရေဝပ်မှုတို့ကြောင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ကျမမှာ သမီးရော၊ တူလေးရော သွေးလွန်တုပ်ကွေးဖြစ်နေကြတယ်။ သွေးလွန်တုပ်ကွေးက ကြောက်စရာကောင်းတော့ စိတ်ပူတယ်။ ကလေးတွေဆိုတော့ ကိုယ်ခံအားလည်း သိမရှိကြဘူးလေ။ ကျမ တူလေးဆို အောက်စီဂျင်တောင် တပ်ထားရတယ်”ဟု မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်မှ ဒေါ်ယုနန္ဒာအေးက ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါမှာ ရာသီတုပ်ကွေးရောဂါလက္ခာဏာနှင့် ဆင်တူပြီး အသက် ၁၅ နှစ်အောက် ကလေးများနှင့် အသက်ကြီးပိုင်းများတွင် အဖြစ်များလေ့ရှိကာ အသက်သေဆုံးနိုင်သည်အထိ ဖြစ်နိုင်ကြောင်း ကျန်းမာရေးဌာနက အသိပေးထားသည်။

ကျန်းမာရေးဦးစီးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း လျော့နည်းစေရန် ခြင်နိုင်ဆေးဖြန်းခြင်း၊ ခြင်နှိမ်နှင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း ပြည်ထောင်စုမှ ရရှိအောင် ကြိုးပမ်းနေကြောင်းဆိုသည်။

“အခုက ခြင်တွေ တအားပေါတယ်။ မုန်တိုင်းပြီးကတည်းက မိုးတွေရွာရင် ညဘက်မပြောနဲ့ နေ့လယ်ဘက်တွေတောင် အမှောင်တွေမှာ နေလို့မရဘူး။ ကလေးတွေလည်း ရာသီတုပ်ကွေးတွေ ဖြစ်တာအများကြီးပဲ။ ဒီအချိန်မှာ ကလေးတွေကို သေချာဂရုစိုက်ဖို့လိုပါတယ်”ဟု ကျောက်တော် ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၂၃၀၆ ဦးနှင့် သေဆုံးသူ ၅ ဦးရှိခဲ့ပြီး ၂၀၂၁ ခုအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

#I010