- တိုက်ပွဲစတင်လာ၍ စစ်တွေတွင် လေယာဉ်လက်မှတ် ဝယ်ယူသူများနေ
- ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
- ကျောက်ဖြူတွင် စစ်ဘေးရှောင် ၆,၀၀၀ ခန့် အရေးပေါ်အကူအညီ လိုအပ်နေ
- ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို မျက်ကွယ်ပြုနေကြသည်ဟု စစ်ခေါင်းဆောင်ဖွင့်ဟ
- စစ်တွေမြို့နယ်ရှိ စစ်ကောင်စီစခန်းကို AA တိုက်ခိုက်
ရခိုင်တွင် ကူညီကယ်ဆယ်ရေး ခရီးသွားခွင့်ပြုချက်ကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဟု ကုလထုတ်ပြန်
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခရီးသွားခွင့်ပြုချက်များကို ယာယီဆိုင်းငံ့ထားခြင်းကြောင့် ရခိုင်ပြည်တစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
19 Jun 2023
DMG ၊ ဇွန် ၁၉
မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခရီးသွားခွင့်ပြုချက်များကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)မှ ယနေ့ထုတ်ပြန်သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခရီးသွားခွင့်ပြုချက် (TAs) များကို ယာယီဆိုင်းငံ့ထားခြင်းကြောင့် ရခိုင်ပြည်တစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ မုတ်သုံရာသီမှ ရေကြီးရေလျှံမှုတွေဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသတွေကို ပြင်းထန်စွာ သက်ရောက်မှုရှိနေတဲ့အတွက် အဆိုပါရုတ်တရက်ဆုံးဖြတ်ချက်ဟာ ဆိုင်ကလုန်းဒဏ်ခံရတဲ့လူဦးရေရဲ့ ဆိုးရွားသော ဘဝအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်” ဟု ထုတ်ပြန်သည်။
ဇွန်လ ၈ ရက်နေ့ကစပြီး INGO၊ NGO နှင့် CSO အဖွဲအစည်းများအား ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ကို ရက်အကန့်သတ်မၡိ ရပ်နားထားကြရန် ပြည်နယ်စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။ မုန်တိုင်းဒဏ်သင့်ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေချိန်တွင် လူသားချင်းစာနာမှု ကူညီရေးအဖွဲ့များအား ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းအပေါ် ဝေဖန်ရှုတ်ချမှုများ ရှိခဲ့သည်။
ဇွန်လ ၁၁ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီက NGO အဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုချက်များအား ယခင်ခွင့်ပြုထားရှိသည့် ခွင့်ပြုစာအတိုင်း ဆောင်ရွက်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း မြေပြင်အခြေအနေတွင် လွတ်လပ်စွာ ခရီးသွားလာခွင့်များ ကန့်သတ်ခံထားရဆဲဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၂ ရက်နေ့ ကုလသမဂ္ဂကထုတ်ပြန်ချက်တွင် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Balakrishnan က “လူသားချင်းစာနာထောက်ထားမှုအဖွဲ့များကိုယ်စား ပြည်နယ်အုပ်ချုပ်ရေးကောင်စီကို တောင်းဆိုချင်တာက မူလဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ခွင့်ပြုပေးဖို့ပါ” ဟု တိုက်တွန်းထားသည်။
ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူညီများပေးနိုင်ရန် ပြည်နယ်စစ်ကောင်စီထံ ခရီးသွားခွင့်ပြုချက် တင်ထားသော်လည်း ခွင့်ပြုမိန့်ကျရန်အချိန်ကြန့်ကြာမှုများကြောင့် NGO အဖွဲ့အစည်းများမှာ အခက်အခဲများဖြစ်ပေါ်နေကြသည်။
"သူတို့(စစ်ကောင်စီ)ဘက်က နဂိုကတည်းက ခရီးသွားလာခွင့်ကို ဥပဒေနဲ့အညီ စာတင်ရမယ်ဆိုတာ ရှိတယ်။ ခွင့်ပြုချက်တင်တော့ ခွင့်ပြုချက်ကျမလာဘူး" ဟု ရခိုင်မှ NGO ဝန်ထမ်းတစ်ဦးက DMG သို့ ပြောသည်။
ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် ဆိုင်ကလုန်း Mocha တုံ့ပြန်မှုအတွက် ဖြန့်ဖြူးရေးနှင့် သယ်ယူပို့ဆောင်ရေး အစီအစဉ်များ၏ အတည်ပြုချက်ကို ဆိုင်းငံ့ထားဆဲဖြစ်သည်ဟု UNOCHA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို ခရီးသွားလာခွင့်ကန့်သတ်ထားသည်မှာ ရခိုင်ပြည်တွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်နေခြင်းဟု မုန်တိုင်းသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
"နိုင်ငံရဲ့အစိုးရလို့ ပြောနေတဲ့လူတွေက သူတို့ကိုယ်တိုင် ကူညီကယ်ဆယ်ရေးပေးသင့်တယ်။ ကူညီပေးနေတဲ့အဖွဲ့တွေကိုလည်း မြန်မြန်ဆန်ဆန်အလုပ်ဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်။ အခုဆိုရင်ကျနော်တို့ နယ်ဘက်ကို ကူညီကယ်ဆယ်ရေးသွားပေးတာ စစ်ကောင်စီနဲ့မတွေ့ရအောင် ရှောင်ပြီးသွားနေရတယ်။ မဟုတ်ရင် ပြဿနာတွေတက်မယ်။ အဖမ်းခံရနိုင်တယ်" ဟု ၎င်းက ပြောသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်များရှိနေသော်လည်း အကူအညီပေးရေးအဖွဲ့များသည် ၎င်းတို့ခွင့်ပြုချက်ရရှိထားသည့် ဆိုင်ကလုန်းဒဏ်ခံရပ်ရွာများသို့ အရေးကြီးသော အကူအညီများပေးအပ်လျက်ရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက ဒေသခံ ပြည်သူ ၁,၅၄၇,၇၆၁ (တစ်ဆယ့်ငါးသိန်းကျော်) ထိခိုက်နစ်နာခဲ့ရသည်ဟု ရက္ခိုင့်တော်(AA) က ထုတ်ပြန်ထားသည်။
မုန်တိုင်သင့်မြို့နယ်များမှ ကျေးလက်ဒေသနှင့် စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများရရှိမှု အားနည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
“စခန်းမှာ အိမ်သာလည်း မရှိဘူး။ မိန်းကလေးတွေအတွက် အဆင်မပြေဘူး။ သူတို့(စစ်ကောင်စီ)က လူသားချင်းစာနာမှု ကူညီပေးနေတဲ့အဖွဲ့တွေကို ပိတ်ပင်ထားတော့ စားဝတ်နေရေးက ပိုပြီးဒုက္ခရောက်ပြီပေါ့” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ မမေစုလှိုင်က ပြောသည်။
လက်ရှိတွင် မုန်တိုင်းသင့်လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များထံမှ အကူအညီအချို့ရရှိထားသော်လည်း ကျန် ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများ မရရှိကြသေးကြောင်း AA က ပြောဆိုထားသည်။
#R005