- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
- တွေ့ဆုံဆွေးနွေးရန် အမြဲတံခါးဖွင့်ထားကြောင်း စစ်ခေါင်းဆောင်ပြော
- ငါးသိုင်းချောင်းရောက် ရခိုင်စစ်ဘေးရှောင်များထံမှ ငွေကြေးတောင်ခံမှုများရှိနေ
ရခိုင်တိုက်ပွဲ ၁၀ လအတွင်း အရပ်သား ၁,၄၀၀ နီးပါး ထိခိုက်သေဆုံး
ထိခိုက်သေဆုံးသူများထဲ ကလေးငယ်နှင့် အမျိုးသမီး အများဆုံးပါဝင်သည်။ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှု ဖြစ်စဉ်များကြောင့် ကလေးငယ် သေဆုံး (၇၃) ဦး၊ ဒဏ်ရာရရှိသူ (၁၈၆) ဦးနှင့် အမျိုးသမီး သေဆုံးသူ (၁၂၇) ဦးဒဏ်ရာရရှိသူ (၃၁၅) ဦး ရှိခဲ့သည်။
14 Sep 2024
DMG ၊ စက်တင်ဘာ ၁၄
ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲများမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်တွင် (၁၀) လတိတိ ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်း စသည်တို့ကြောင့် အရပ်သား သေဆုံးသူ ၄၉၄ ဦးနှင့် ဒဏ်ရာရရှိသူ ၈၈၆ ဦး စုစုပေါင်း ၁,၃၈၀ ဦး ရှိကြောင်း DMG စာရင်းပြုစုချက်အရ သိရသည်။
ထိခိုက်သေဆုံးသူများထဲ ကလေးငယ်နှင့် အမျိုးသမီး အများဆုံးပါဝင်သည်။ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှု ဖြစ်စဉ်များကြောင့် ကလေးငယ် သေဆုံး (၇၃) ဦး၊ ဒဏ်ရာရရှိသူ (၁၈၆) ဦးနှင့် အမျိုးသမီး သေဆုံးသူ (၁၂၇) ဦးဒဏ်ရာရရှိသူ (၃၁၅) ဦး ရှိခဲ့သည်။
“ကလေးသူငယ်ကို အပြည့်အဝကာကွယ်ပေးဖို့ ကမ္ဘာက သတ်မှတ်ထားတဲ့ ဥပဒေတွေရှိတယ်။ အဲဒါကို ဂရုမစိုက်ဘဲ စစ်ကောင်စီက လုပ်ချင်သလိုလုပ်နေတာ။ ကလေးတွေဆိုတာက နိုင်ငံရေး၊ စစ်ရေးနဲ့ ဘာမှမသက်ဆိုင်သူတွေ ဖြစ်တယ်။ စစ်ကောင်စီရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့် ကလေးငယ်တွေ ထိခိုက်သေဆုံးနေရတယ်” ဟု ကျောက်တော်မြို့နယ်မှ ကလေးမိဘတစ်ဦးက ပြောသည်။
ကလေးသူငယ်များမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် အသက်ရှင်သန်ခွင့် စသည့် အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးနေကြရပြီး စစ်ကောင်စီ၏ လေကြောင်းပစ်မှတ်အောက်တွင် သားကောင်ဖြစ်နေရသည်။
စစ်ရှုံးနေသော စစ်ကောင်စီက အရပ်သားများနေထိုင်ရာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်၊ ကလေးငယ်နှင့် အရပ်သားအများအပြား နေ့စဉ်နဲ့အမျှ သေဆုံးနေရသည်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “စစ်ကောင်စီက လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုကြီးကို ကျူးလွန်နေတာဖြစ်တယ်။ အခုလိုမျိုးကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက တားမြစ်ဖို့လိုအပ်နေပြီ။ အခုဆို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေ စိုးရိမ်ကြောက်လန့်စိတ်တွေ ရှိနေကြတယ်။ အမျိုးသမီးတွေဆိုရင်လည်း အသက်တွေနှုတ်ယူခံနေရတယ်။ ဒါက ကြီးမားတဲ့ လူ့အရင်းအမြစ် ဆုံးရှုံးမှုဖြစ်တယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသောမှတ်တမ်းများကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့ထံသို့ ပေးပို့သွားမည်ဟု ညီနောင်သုံးဖွဲ့က စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
အရပ်သားများနေထိုင်ရာနှင့် စွန့်လွှတ်ခဲ့ရသည့် နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ရက်ဆက်လုပ်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ညီနောင်သုံးဖွဲ့က တိုက်တွန်းထားသည်။
စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဘက် ခွဲခြားမရှိဘဲ သိမ်းကျုံးတိုက်ခိုက်နေသော လုပ်ရပ်များကြောင့် ပြည်သူများ၏ အမုန်းတရားကိုရရှိကာ တော်လှန်ရေးခရီးသာ ပိုအားကောင်းလာမည်ဟု တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။
“အခုဆိုရင် စစ်ကောင်စီက ပြည်သူတွေကို ဝါဒဖြန့်တာတွေ စည်းရုံးတာတွေ လုပ်လို့မရတော့ဘူး။ ပြည်သူတွေက စစ်ကောင်စီလုပ်ရပ်တွေကို သိနေပြီ။ ဒါကြောင့် စစ်ကောင်စီ ပြိုလဲတော့မှ အေးချမ်းမယ်ဆိုတဲ့အတွေးဟာ ပိုခိုင်မာလာတာ တွေ့ရတယ်” ဟု ရခိုင်က လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ရခိုင်တိုက်ပွဲ ၁၀ လကာလအတွင်း အာရက္ခတပ်တော်(AA)သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး မောင်တော၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေသည့်အပြင် စစ်တွေ၊ အမ်း၊ ကျောက်ဖြူတို့ကိုလည်း ပိတ်ဆို့ဖြတ်တောက်ထားသည်။