နဂါးမျက်စောင်းထိုးခံလိုက်ရတဲ့ မြန်မာစစ်ခေါင်းဆောင် 

စစ်ခေါင်းဆောင်ဟာ တရုတ်ရဲ့ယုံကြည်မှုကိုရဖို့ ဘာမဆိုလုပ်သွားမယ့်သဘောပါ။ သိုက်ကိုကာကွယ်နိုင်ခဲ့ရင် သူကျူးလွန်နေတဲ့ အမှားတွေကို နဂါးကြီးရဲ့တန်ခိုးတွေနဲ့ ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ထားပုံရပါတယ်။ 

By Admin 15 Jul 2024

နဂါးမျက်စောင်းထိုးခံလိုက်ရတဲ့ မြန်မာစစ်ခေါင်းဆောင် 

DMG ၊ အယ်ဒီတာ့အာဘော် 

တရုတ်နဂါးသိုက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သိုက်တွေထဲမှာ ထင်ရှားကျော်ကြားတဲ့ သိုက်တစ်ခုပါ။ ဒဏ္ဍာရီလာ သိုက်အမျိုးမျိုးရှိကြပေမယ့် တရုတ်နဂါးသိုက်ကတော့ ခေတ်သစ်မှာ ပေါ်ပေါက်လာတာပါ။ အဖိုးတန်ပစ္စည်းတွေ အစုလိုက်အပုံလိုက်ရှိတဲ့ တရုတ်နဂါးသိုက်ဟာ ရခိုင်ပြည်မှာရှိနေပါတယ်။

တရုတ်နဂါးသိုက်ကို ကာကွယ်စောင့်ရှောက်သူ ဖြစ်ခွင့်ရရေးအတွက် အပြင်းအထန် အားထုတ်နေသူကတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ 

တရုတ်နဂါးသိုက်တည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ ရေနံတင်သင်္ဘောတွေသွားတဲ့ ရေလမ်းကြောင်းကို တူးဖော်သွားမှာဖြစ်လို့ မဒေးကျွန်းပင်လယ်ပြင်မှာ ဒေသခံတွေသွားလာခွင့်ကို ဇူလိုင် ၁၅ ရက်ကနေ နှစ်လခွဲအထိ ပိတ်လိုက်ပါတယ်။

စစ်ခေါင်းဆောင်ဟာ ဒေသခံရေလုပ်သားတွေကို မငဲ့ကွက်ဘဲ တရုတ်ရဲ့ယုံကြည်မှုကိုရဖို့ ဘာမဆိုလုပ်သွားမှာပါ။ သိုက်ကိုကာကွယ်နိုင်ခဲ့ရင် သူကျူးလွန်နေတဲ့ အမှားတွေကို နဂါးကြီးရဲ့တန်ခိုးတွေနဲ့ ကာကွယ်ပေးလိမ့်မယ်လို့ ယုံကြည်ထားပုံရပါတယ်။ 

တရုတ်ကလည်း စစ်ကောင်စီကို ကင်းလှည့်ရေယာဉ်တွေ ထောက်ပံ့လိုက်၊ တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ ကြားဝင်စေ့စပ်ပေးလိုက်နဲ့ လုပ်နေခဲ့တာပါ။ တရုတ်ဩဇာကို ပိုပြီးကြီးထွားလာစေမယ့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်း မျက်နှာကြောင့်လို့လည်း ပြောနိုင်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးကြောင့် နယ်မြေဆုံးရှုံးမှုကြီးမားလာတဲ့ စစ်ကောင်စီဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အပစ်ရပ်စဲခဲ့တဲ့ “ဟိုင်ဂင်” သဘောတူညီချက်ကြောင့် သက်သာရာရခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် စည်းမစောင့်မှုတွေကြောင့် ဇွန်လ ၂၅ ရက်မှာ “ဟိုင်ဂင်” သဘောတူညီချက် ကျိုးပျက်သွားပါတယ်။ အခုဆိုရင် ၁၀၂၇ စစ်ဆင်ရေးအဆက်အဖြစ် တိုက်ပွဲတွေပြင်းထန်နေပါပြီ။

“ဟိုင်ဂင်” သဘောတူညီချက် ကျိုးပျက်သွားတာဟာ မိမိရဲ့အမှားကြောင့်လို့သိတဲ့ စစ်ကောင်စီဟာ တရုတ်နဂါးကြီး အမျက်မထွက်စေဖို့ နည်းလမ်းတွေကိုစဉ်းစားရာမှာ လာမယ့်နှစ်ပြက္ဒဒိန်မှာ အများပြည်သူရုံးပိတ်ရက် (၁) ရက် ထပ်တိုးလိုက်တာပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးဆိုပြီးတော့ “တရုတ်နှစ်သစ်ကူးနေ့ ရုံးပိတ်ရက်”ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လ ၈ ရက်မှာ ကြေညာလိုက်တာပါ။ 

ဒါပေမယ့်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီတစ်ကြိမ်မှာ နဂါးမျက်စောင်းထိုး ခံလိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး လမ်းဖွင့်ပေးတဲ့အနေနဲ့ ကြားဖြတ်အစိုးရ အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာစွန့်လွှတ်ဖို့ နားချပေးရေး သမ္မတဟောင်း ဦးသိန်းစိန်ကို တရုတ်က ပြီးခဲ့တဲ့ဇွန်လမှာ တိုက်တွန်းခဲ့တာပဲ ဖြစ်ပါတယ်။

တရုတ်နဂါးကြီးကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နဂါးသိုက်ကို ကာကွယ်စောင့်ရှောက်သူ မဖြစ်ထိုက်ဘူးလို့ ယူဆလိုက်ပုံလည်း ရပါတယ်။ အခုဆိုရင် စီမံကိန်းရှိတဲ့ ကျောက်ဖြူဒေသမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲတွေနဲ့အတူ နှစ်ဖက်စစ်ရေး ပြင်းထန်နေကြပါတယ်။ 

၂၀၂၁ ခုနှစ်ကပင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ ဒီကနေ့အထိ တိုင်းပြည်ကို တည်ငြိမ်အောင် မထိန်းနိုင်ဘဲ အဘက်ဘက်က ဆုတ်ယုတ်လာနေပါတယ်။ နိုင်ငံတဝန်းမှာ တော်လှန်ရေးအင်အားစုတွေ သိမ်းထားတဲ့ မြို့ပေါင်း ၆၀ ကျော် ရှိလာတာကလည်း စစ်ခေါင်းဆောင် အာဏာဆက်တည်ရေးကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။ 

စစ်ကောင်စီဟာ သူ,မထိန်းချုပ်နိုင်တော့တဲ့ တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးသလို ဖြစ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဇူလိုင် ၁၁ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ညံ့ဖျင်းမှုကို ကွက်ကွက်ကွင်းကွင်းမြင်အောင် အသိပေးလိုက်တာ ဖြစ်ပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ တရုတ်နဂါးကြီးပြောသလို စီနီယာသမ္မတဟောင်း နားချတာကို နားထောင်မလား၊ ဒါမှမဟုတ် “ခွေး ဖျာလိပ်ခေါင်းထဲတိုးဝင်သလို ရှေ့ကို ဆက်တိုးသွားမလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။