တိမ်းရှောင်လာသူများအား အတင်းပြန်ပို့မည်မဟုတ်ဟု ကုလ ကိုယ်စားလှယ်အား ထိုင်းဝန်ကြီးချုပ်ပြော

အိမ်နီးချင်း မြန်မာနိုင်ငံမှ ထိုင်းသို့ တိမ်းရှောင်လာကြသူများအား အတင်းပြန်ပို့မည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား သောကြာနေ့တွင် ကတိပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

16 May 2021

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရာနာဘာဂျီနာနှင့် ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အစိုးရစံအိမ်တော်တွင် မေလ ၁၄ ရက် သောကြာနေ့က တွေ့ဆုံစဉ်။ (ဓာတ်ပုံ - Thai Government Spokesman Office)

DMG ၊ မေ ၁၆

အိမ်နီးချင်း မြန်မာနိုင်ငံမှ ထိုင်းသို့ တိမ်းရှောင်လာကြသူများအား အတင်းပြန်ပို့မည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုချန်အိုချာက ကုလသမဂ္ဂအထူးကိုယ်စားလှယ်အား သောကြာနေ့တွင် ကတိပေးလိုက်ကြောင်း အေပီသတင်းတစ်ရပ်၌ ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်းရှရာနာဘာဂျီနာနှင့် ထိုင်းဝန်ကြီးချုပ် ပရာယုတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာစစ်တပ်အား ကူညီပေးနိုင်မည့် နည်းလမ်းများ ရှာဖွေကာ ပဋိပက္ခများ ပြေလည်အောင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ရှရာနာဘာဂျီနာက ပြောကြားခဲ့သည်ဟု ထိုင်းဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သား အစိုးရအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး နိုင်ငံတော်အာဏာကို ရယူခဲ့သည်။ ထိုအချိန်မှစတင်ပြီး နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ရက်ဆက် ပေါ်ပေါက်လျက်ရှိကာ မြန်မာစစ်တပ်ကလည်း အဆိုပါလှုပ်ရှားမှုများကို အင်အားသုံးနှိမ်နင်းလျက်ရှိသည်။

စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် သေဆုံးရသူ စုစုပေါင်းမှာ မေလ ၁၄ ရက်နေ့အထိ ရ၈၈ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်သည် နယ်စပ်ဒေသများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ထိုင်းနိုင်ငံသည် နယ်စပ်ရှိ မြန်မာ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ဒုက္ခသည်များအတွက် နေရာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်အောင် နေရာအများအပြား၌ ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ်ပရာယုက ရှရာနာဘာဂျီနာအား ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်လတွင် ကရင်ပြည်နယ်ရှိ KNU ထိန်းချုပ်နယ်မြေများအား မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအများအပြားမှ ရွာသား ထောင်ပေါင်းများစွာသည် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့ကြရသည်။ အဆိုပါရွာသားများသည် ထိုင်းနိုင်ငံအတွင်း ရက်အနည်းငယ်သာ နေထိုင်ခွင့်ရပြီး မြန်မာနိုင်ငံသို့ ပြန်လာခဲ့ရသည်။ ထိုင်းအရာရှိများကမူ ၎င်းတို့သည် ကိုယ့်သဘောနှင့်ကိုယ် ပြန်သွားကြခြင်းသာ ဖြစ်သည်ဟု ပြောသည်။

ယခုနှစ် အစောပိုင်းမှစတင်ပြီး ကရင်ပြည်နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူပေါင်း ၅ သောင်းနီးပါး ရှိနေပြီဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ပရာယုသည် ထိုင်းစစ်တပ်၏ စစ်ဦးစီးချုပ်ဟောင်း ဖြစ်ကာ အရပ်သားအစိုးရအား ဖြုတ်ချပြီးနောက် ဝန်ကြီးဖြစ်လာသူ ဖြစ်သည်။

ဝန်ကြီးချုပ်ပရာယုသည် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နီးကပ်သောဆက်ဆံရေး ရှိသူဖြစ်ကြောင်း အများစုက ယူဆကြသည်။