အာဆီယံကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိပါက မြန်မာကို အာဆီယံအစည်းအဝေး မခေါ်ဘဲ ချန်လှပ်ခဲ့ဖွယ်ရှိ

မြန်မာအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ယခုလအတွင်း ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် မြန်မာကို ချန်ကောင်းချန်လှပ်ခဲ့ဖွယ် ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

05 Oct 2021

၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေး တက်ရောက်ရန် ဂျာကာတာသို့ ရောက်ရှိလာသော မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဓာတ်ပုံ - AFP)

မြန်မာအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ယခုလအတွင်း ကျင်းပမည့် အာဆီယံအစည်းအဝေးတွင် မြန်မာကို ချန်ကောင်းချန်လှပ်ခဲ့ဖွယ် ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

အရှေ့တောင်အာရှ ဆယ်နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားသည့် အာဆီယံအဖွဲ့သည် မြန်မာ့အရေးကို ကူညီဖြေရှင်းရန်အတွက် အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေး ဝန်ကြီး အာဝင်ယူဆော့ကို ခန့်အပ်ခဲ့သည်။

သို့သော်လည်း မြန်မာအာဏာပိုင်များသည် အာဝင်ယူဆော့နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိသဖြင့် မိမိအနေဖြင့် စိတ်ပျက်မိကြောင်း တနင်္လာနေ့ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအစ်အူဒင်အဗ္ဗဒူလာက ပြောကြားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

“တိုးတက်မှု မရှိလာဘူးဆိုရင်တော့ မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အာဆီယံအစည်းအဝေးကို ခေါ်ဖို့ အခက်အခဲရှိပါလိမ့်မယ်” ဟု ဝန်ကြီးက တွစ်တာပေါ်တွင် ရေးသားထားသည်။

သီးခြား ရိုက်တာသတင်းတစ်ရပ်တွင်လည်း အာဆီယံအစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးအများစုသည် မြန်မာအပေါ် စိတ်ပျက်မှုကို ဖော်ပြခဲ့ကြပြီး အဆိုပါဝန်ကြီးများ အနေဖြင့် ဤသတင်းစကားအား သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များထံ အမှာပါးရန် လိုအပ်လိမ့်မည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ကြောင်း ဖော်ပြထားသည်။

လက်ရှိ အာဏာချုပ်ကိုင်ထားသော မြန်မာစစ်တပ်သည် အာဆီယံ၏ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို အကောင်အထည်ဖော်ရာတွင် သိသာသောရလဒ် တစ်စုံတစ်ရာ မရှိသလို အာဆီယံကိုယ်စားလှယ်၏ လုပ်ဆောင်ချက်အပေါ် တွင်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။