- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်မရသည့် အာဆီယံထိပ်သီးအစည်းအဝေး မနက်ဖြန်စမည်
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် ယခုသီတင်းပတ်တွင် မြန်မာစစ်တပ်ခေါင်းဆောင် မပါဘဲ နှစ်ပတ်လည် အာဆီယံထိပ်သီးညီလာခံကို ကျင်းပကြတော့မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Oct 2021
အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များသည် ယခုသီတင်းပတ်တွင် မြန်မာစစ်တပ်ခေါင်းဆောင် မပါဘဲ နှစ်ပတ်လည် အာဆီယံထိပ်သီးညီလာခံကို ကျင်းပကြတော့မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အစား နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ၏ ဝါရင့်သံတမန် ဦးချမ်းအေးကို ဖိတ်ကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဦးချမ်းအေး တက်ရောက်နိုင်ခြေ ရှိမရှိကိုမူ တိတိပပ မသိရသေးပေ။
အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌဖြစ်သည့် ဘရူနိုင်းက အိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပမည့် အာဆီယံထိပ်သီး အစည်းအဝေးအား မနက်ဖြန် (အင်္ဂါ) နေ့မှစတင်၍ သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။
အစည်းအဝေးသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တရုတ်နှင့် ရုရှားခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။ အဆိုပါခေါင်းဆောင်များသည် မြန်မာနိုင်ငံ၏ ပိုမိုဆိုးရွားလာနေသော အကျပ်အတည်း၊ ကပ်ဘေး၊ လုံခြုံရေးနှင့် စီးပွားရေး ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးကြမည်ဟု ယူဆရကြောင်း အေပီသတင်းက ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရအား ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး အာဏာရယူခဲ့သည့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာဆီယံက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုဘဲ ချန်လှန်ခဲ့ခြင်း ဖြစ်သည်။
အာဆီယံသည် ပုံမှန်အားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ရှိထားသည်။ အဖွဲ့၏ ဆုံးဖြတ်ချက်များကိုလည်း အဖွဲ့ဝင် ၁၀ နိုင်ငံလုံးက သဘောတူမှ အကောင်အထည်ဖော်ရသည်။
မြန်မာအရေးအပေါ် ယခုကဲ့သို့ ၉ နိုင်ငံသဘောတူညီချက်ဖြင့် ဆုံးဖြတ်လိုက်ခြင်းသည် အာဆီယံ၏ ထူးခြားသည့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။
မြန်မာကိုချန်လှပ်ရန် ဆုံးဖြတ်ခဲ့ကြသည့် အောက်တိုဘာ ၁၅ အရေးပေါ်အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အာဆီယံအကြီးတန်းသံတမန်တစ်ဦးက ဤစည်းကမ်းချက်နှစ်ရပ်ကြောင့် အာဆီယံအနေဖြင့် မလှုပ်သာသည့် အနေအထားသို့ အရောက်ခံမည်မဟုတ်ကြောင်း အေပီသတင်းဌာနသို့ ပြောကြားသည်။
အာဆီယံအနေဖြင့် ပိုမိုပြင်းထန်သည့် တုံ့ပြန်မှုမျိုးဖြင့် မြန်မာအပေါ် တုံ့ပြန်ရန်လည်း အာဆီယံအဖွဲ့ကို တောင်းဆိုခဲ့ကြောင်း သတင်းက ဖော်ပြသည်။
အာဏာရယူပြီး အိမ်စောင့်အစိုးရဖွဲ့ကာ အုပ်ချုပ်ရေးအဖွဲ့ကို ဦးဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အာဆီယံထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် ပြုခြင်းကို မြန်မာလူထုက ဆန့်ကျင်ကန့်ကွက်မှုများ ရှိခဲ့ကြောင်း အေပီသတင်းတွင် ရေးသားထားသည်။
အာဆီယံအဖွဲ့ကြီးသည် မြန်မာနိုင်ငံအား ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။ ထိုစဉ်ကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေအပေါ် ဖိနှိပ်မှုများ ကျူးလွန်နေသည့် စစ်အစိုးရအုပ်ချုပ်နေသော မြန်မာနိုင်ငံအား အာဆီယံ၏ လက်ခံမှုကို အမေရိကန်နှင့် ဥရောပနိုင်ငံများက ကန့်ကွက်ခဲ့ကြသည်။