၂၀၂၁ နှစ်ကုန်အထိ အပစ်ရပ်ပေးရန် မြန်မာကို အာဆီယံကိုယ်စားလှယ် တောင်းဆိုထား

၂၀၂၁ နှစ်ကုန်အထိ အပစ်ရပ်ပေးရန် မြန်မာအာဏာပိုင်များကို တောင်းဆိုထားကြောင်း အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့က ကျိုဒိုသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ရပ်တွင် ဖြေကြားလိုက်သည်။

09 Sep 2021

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာဝင်ယူဆော့။ (ဓာတ်ပုံ - Reuters)

DMG ၊ စက်တင်ဘာ ၉

၂၀၂၁ နှစ်ကုန်အထိ အပစ်ရပ်ပေးရန် မြန်မာအာဏာပိုင်များကို တောင်းဆိုထားကြောင်း အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့က ကျိုဒိုသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတစ်ရပ်တွင် ဖြေကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံစဉ် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့က ကျိုဒိုသတင်းဌာနအား စနေနေ့က ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အာဝင်ယူဆော့သည် ဦးဝဏ္ဏမောင်လွင်နှင့် ပြီးခဲ့သော အင်္ဂါနေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ မိမိ၏ တောင်းဆိုချက်ကို မြန်မာစစ်တပ်ဘက်မှ လက်ခံခဲ့သည်ဟုလည်း အာဝင်ယူဆော့က ဆိုသည်။

အကူအညီလိုအပ်နေသူများအား လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းများက သွားရောက်ကူညီရာတွင် လုံခြုံရေး အာမခံပေးနိုင်ရန် အတွက် အပစ်ရပ်ခြင်းဖြစ်ပြီး နိုင်ငံရေးအရ အပစ်ရပ်ခြင်းမျိုး မဟုတ်ကြောင်း သူက ဆိုသည်။

“အပစ်ရပ်ပေးဖို့ တောင်းဆိုချက်နဲ့ပတ်သက်လို့ သူတို့ဘက်က သဘောမတူတာမျိုးတော့ မရှိပါဘူး” ဟုလည်း အာဝင်ယူဆော့က ပြောသည်။

စစ်တပ်၏ အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်နေကြသည့် အင်အားစုများကိုလည်း အပစ်ရပ်ပေးရန် ကြားခံများမှတစ်ဆင့် ကမ်းလှမ်းပြောကြားထားသည်ဟု ဆိုသည်။

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချကာ အာဏာရယူခဲ့သည်။

မြန်မာ့ပဋိပက္ခကို ကူညီဖြေရှင်းပေးရေးအတွက် အာဆီယံအဖွဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် အထူးအစည်းအဝေး ကျင်းပပြီး ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သည်။

အဆိုပါသဘောတူညီချက် ငါးရပ်၌ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန်၊ အာဆီယံအထူးကိုယ်စားလှယ် အနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး သက်ဆိုင်သော အင်အားစုများအားလုံးနှင့် တွေ့ဆုံရန် တို့လည်းပါဝင်သည်။

ရိုက်တာသတင်းဌာန၏ သီးခြားသတင်းတရပ်၌လည်း အာဆီယံအထူးကိုယ်စားလှယ် အာဝင်ယူဆော့ မြန်မာနိုင်ငံသို့ သွားရောက်ချိန်၌ ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ တွေ့ခွင့်ရရန် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးနေသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ယခုသွားရောက်ရန် လိုအပ်နေသော်လည်း မသွားမီ၌ မိမိအနေဖြင့် အာမခံချက် ရရှိရန် လိုအပ်သည်ဟု အာဝင်ယူဆော့က ရိုက်တာသတင်းဌာနသို့ ပြောသည်။

“ကျွန်တော်သွားတဲ့အချိန်မှာ ဘာလုပ်ရမလဲ၊ မြန်မာအာဏာပိုင်တွေဘက်က ဘာတွေ လုပ်ခွင့်ပြုမလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်ထားဖို့ လိုအပ်ပါတယ်” ဟု သူကဖြေကြားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။