မြန်မာအာဏာပိုင်များ အာဆီယံအစည်းအဝေး တက်ရောက်ပိုင်ခွင့် ရှိသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

မိမိအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသလို မြန်မာအာဏာပိုင်များကိုလည်း အာဆီယံအစည်းအဝေးများသို့ ဖိတ်ခေါ်သင့်သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

07 Dec 2021

(ဓာတ်ပုံ - Reuters)

DMG ၊ ဒီဇင်ဘာ ၇

မိမိအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ပြီး စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသလို မြန်မာအာဏာပိုင်များကိုလည်း အာဆီယံအစည်းအဝေးများသို့ ဖိတ်ခေါ်သင့်သည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြောကြားလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ကြီးသည် ပြီးခဲ့သောအောက်တိုဘာတွင် ကျင်းပသည့် နှစ်ပတ်လည် အာဆီယံညီလာခံသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မပြုခဲ့ပေ။

သို့သော်လည်း လာမည့်နှစ်တွင် အာဆီယံဥက္ကဌဖြစ်လာမည့် ဝန်ကြီးချုပ်ဟွန်ဆန်ကမူ ကမ္ဘောဒီးယားက အိမ်ရှင်နိုင်ငံအဖြစ် ရှိနေချိန်၌ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံး တက်ရောက်စေရမည်ဟု တနင်္လာနေ့တွင် ပြောကြားသည်။

“(မြန်မာဟာ) အာဆီယံရဲ့ မိသားစုဝင်တစ်ဦး ဖြစ်ပါတယ်။ သူတို့မှာလည်း အစည်းအဝေးတွေ တက်ရောက်ပိုင်ခွင့် ရှိရပါမယ်” ဟု သူက ပြောကြားသည်။ တရုတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲ တစ်ခုတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် အင်္ဂါနေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ် ရောက်ရှိမည်ဖြစ်သည်။ မိမိအနေဖြင့်လည်း မြန်မာနိုင်ငံသို့ မကြာမီ အလည်အပတ် သွားရောက်နိုင်ခြေရှိကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

“ကျွန်တော် နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ခြေ တော်တော်များပါတယ်” ဟု သူကဆိုသည်။

ဝန်ကြီးချုပ်ဟွန်ဆန်သည် အာဆီယံအဖွဲ့က ကာလရှည်ကြာ ကျင့်သုံးလာခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေး မူဝါဒကိုကိုးကားပြီး “အာဆီယံ ပဋိညာဉ်စာတမ်းအရ အဖွဲ့ဝင်နိုင်ငံအချင်းချင်း ထုတ်ပယ်ခွင့်မရှိပါဘူး” ဟု သူက ပြောကြားသွားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။