တောင်ကိုရီးယားတွင် မတ်လနောက်ပိုင်း တစ်နေ့တာကူးစက်မှု အမြင့်ဆုံးစံချိန်တင်

တောင်ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၁ ရက် သောကြာနေ့၌ ကူးစက်မှုစုစုပေါင်း ၃၂၄ ခုဖြင့် ကူးစက်မှုအရေအတွက် စံချိန်တင်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ရေးသားထားသည်။

By Foreign Desk 22 Aug 2020

(ဓာတ်ပုံ - Reuters)

တောင်ကိုရီးယားနိုင်ငံတွင် သြဂုတ်လ ၂၁ ရက် သောကြာနေ့၌ ကူးစက်မှုစုစုပေါင်း ၃၂၄ ခုဖြင့် ကူးစက်မှုအရေအတွက် စံချိန်တင်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ရေးသားထားသည်။

ယခုအရေအတွက်သည် ၂၀၂၀ မတ်လ နောက်ပိုင်းတွင် တစ်ရက်တည်းနှင့် ကူးစက်မှု အမြင့်ဆုံး စံချိန်တင်ခဲ့ခြင်းလည်း ဖြစ်သည်။

မကြာသေးခင် ရက်ပိုင်းအတွင်း ကူးစက်ခံရသူ အများစုသည် ဆိုးလ်မြို့ရှိ လူနေထူထပ်ရာ နေရာများတွင် နေထိုင်ကြသူများ ဖြစ်ကြသည်။ အဆိုပါနေရာများတွင် လူဦးရေထူထပ်မှုကြောင့် ကျန်းမာရေးဝန်ထမ်းများသည် ဘုရားကျောင်း၊ စားသောက်ဆိုင်၊ ကျောင်းနှင့် အလုပ်ကဲ့သို့ နေရာများ၌ ကူးစက်မှုခြေရာခံခြင်းအား အသေးစိတ်ဆောင်ရွက်ရန် အခက်အခဲများ တွေ့ကြုံနေရသည်။

သို့သော်လည်း သောကြာနေ့တွင် စစ်ဆေးတွေ့ရှိရသည့် ကူးစက်မှုများမှာ ဘူဆန်၊ ဂွမ်ဂျူး၊ ဒယ်ဂျွန်၊ ဆယ်ဂျွန်းနှင့် ဒယ်ဂုကဲ့သို့ တောင်ကိုရီးယား၏ အထင်ကရ မြို့ကြီးများရှိ နေရာအစုံမှဖြစ်သည်။ ဒယ်ဂုမြို့သည် ၂၀၂၀ အစောပိုင်း ဖေဖော်ဝါရီနှင့် မတ်လများတွင် ဗိုင်းရပ်စ်အကြီးအကျယ် ပြန့်ပွားခဲ့သည့် နေရာလည်း ဖြစ်သည်။

ဒယ်ဂုရှိ ကျန်းမာရေးအာဏာပိုင်များသည် ဧပြီလမှစတင်ကာ ဆဲလ်ဖုန်း တည်နေရာပြ အချက်အလက်များ၊ ခရက်ဒစ်ကဒ် သုံးစွဲမှု မှတ်တမ်းများ၊ တစ်ဦးချင်း သီးခြားကူးစက်ခံရသူများအား လုံခြုံရေးကင်မရာ မှတ်တမ်းများမှတစ်ဆင့် လိုက်လံစိစစ်ကာ ၎င်းနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေခြင်းများဖြင့် ဗိုင်းရပ်အန္တရာယ်ကို ကျော်လွှားနိုင်အောင် ကြိုးစားခဲ့ကြသည်။

သို့သော်လည်း အခြားတစ်ဘက်တွင်မူ အာဏာပိုင်များသည် စီးပွားရေးလုပ်ငန်း လည်ပတ်မှုများအား ထိထိရောက်ရောက် ထိန်းချုပ်မှု မရှိခဲ့ပေ။ လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရမည့် Social Distancing စည်းကမ်းများကိုလည်း ယခုသီတင်းပတ်မှသာ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။

ဆိုးလ်ဒေသတစ်ဝိုက် လူဦးရေ ပိုမိုထူထပ်လာနေသည့် အတွက်လည်း အစောပိုင်းက ဆောင်ရွက်ခဲ့သည့် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအစဉ်များ ယခုအချိန်ထိ ထိရောက်မှု ရှိမည်မှာ မသေချာပေ။

တောင်ကိုရီးယားတွင် နောက်ပိုင်းကူးစက်မှုများ၌ ဘုရားကျောင်းများမှတစ်ဆင့် ကူးစက်မှုသည် အဓိကဖြစ်လာနေသဖြင့် အာဏာပိုင်များသည် ပြီးခဲ့သောသီတင်းပတ်က ဘုရားကျောင်းများ ပိတ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ နိုက်ကလပ်၊ ကာရာအိုကေ၊ ဘူဖေးစားသောက်ဆိုင်နှင့် ကွန်ပျူတာဂိမ်းဆိုင်များကိုလည်း ပိတ်ခိုင်းလိုက်ပြီဖြစ်သည်။

နောက်ဆုံးကူးစက်မှုများကိုပါ ထည့်ပေါင်းလိုက်ပါက တောင်ကိုရီးယားတွင် ကူးစက်မှုစုစုပေါင်း ၁၆၆၇၀၊ သေဆုံးသူ ၃၀၉ ဦး ရှိသွားပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် သြဂုတ်လ ၂၁ ရက် နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်း ၂၃ သန်းနီးပါး၊ သေဆုံးသူ ၈ သိန်းနီးပါး ရှိနေပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။