- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
သင့်ကုမ္ပဏီမှာ အိန္ဒိယဗျူဟာ ရှိထားပြီလား
Harvard Business Review တွင် Vijay Govindarajan, Rajendra Srivastava, Anup Srivastava, နှင့် Aman Rajeev Kulkarni တို့ပူးပေါင်းရေးသားထားသည့် Does Your Company Have an India Strategy? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။
14 Jul 2023
ဆောင်းပါးအနှစ်ချုပ် - နိုင်ငံစုံကုမ္ပဏီကြီးများမှ အိန္ဒိယလုပ်ငန်းခွဲ၏ P/B အချိုးတန်ဖိုးသည် မိခင်ကုမ္ပဏီကြီးများထက် အဆပေါင်းများစွာ ပိုမိုများပြားနေသည်။ အိန္ဒိယကုမ္ပဏီခွဲများတွင် ပိုကောင်းသည့် ဖွံဖြိုးမှုအလားအလာများ ရှိနေကြောင်း ဤအချက်က ညွှန်ပြနေပြီး အိန္ဒိယ၏ လူလတ်တန်းစားပမာဏ မြန်မြန်ဆန်ဆန် ကြီးထွားလာနေခြင်းကလည်း ဤယူဆချက်ကို ပို၍အားကောင်းစေသည်။ ယခုကဲ့သို့ အခြေအနေမျိုး၌ အိန္ဒိယရေးရာ မဟာဗျူဟာတစ်ရပ် ရှိမနေသည့် နိုင်ငံစုံကုမ္ပဏီကြီးများသည် ဖွံ့ဖြိုးရေးနှင့် အမြတ်အစွန်းရရှိရေးတွင် ဧရာမအခွင့်အလမ်းကြီးတစ်ရပ်ကို ဆုံရှုံးနေခြင်းပင် ဖြစ်သည်။ အိန္ဒိယအတွက် စျေးကွက်ဗျူဟာတစ်ရပ် ရေးဆွဲရာ၌ မိမိတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အိန္ဒိယပုံစံနှင့် ကိုက်ညီအောင်ညှိရန်၊ အိန္ဒိယတွင်ရှိနှင့်ပြီး အင်အားစုကြီး၏ အရှိန်အဟုန်ကို ပေါင်းစပ်အသုံးပြုရန်တော့ လိုအပ်မည်ဖြစ်ပါသည်။
၂၀၂၂ ဘဏ္ဍာရေးနှစ်ကုန်၌ ဥရောပ စားသုံးကုန်ထုတ်လုပ်ရေး ကုမ္ပဏီကြီး Unilever PLC ၏ P/B အချိုး (ကုမ္ပဏီ၏ လက်ရှိ စျေးကွက်ပေါက်စျေး တန်ဖိုးနှင့် စာရင်းပြမူလတန်ဖိုး အချိုး) သည် နံပါတ်ခြောက်တွင် ရပ်တည်နေခဲ့သည်။ ၎င်းကုမ္ပဏီ၏ အိန္ဒိယလက်ခွဲ Hindustan Unilever သည် ထိုထက် နှစ်ဆပိုပြီး ၁၂ တွင်ရှိခဲ့သည်။ အိန္ဒိယကုမ္ပဏီခွဲက သက်တမ်းနုသေး၍ သို့မဟုတ် ကုမ္ပဏီအငယ်စား ဖြစ်နေ၍မဟုတ်ပါ။ တကယ်တမ်းတွင်မူ အိန္ဒိယကုမ္ပဏီခွဲသည် နှစ်ပေါင်း ၉၀ သက်တမ်းရှိနေပြီဖြစ်ကာ စျေးကွက်ငွေလုံးငွေရင်း (Market Capital) သည်လည်း အမေရိကန်ဒေါ်လာ ၇၆ ဘီလျံအထိ တန်ဖိုးရှိပါသည်။ ခြွင်းချက်အဖြစ် သတ်မှတ်ရမည့် သာဓကမျိုးလည်း မဟုတ်ပါ။
ဆွစ်ဇာလန်၏ နိုင်ငံစုံကော်ပိုရေးရှင်းကြီးဖြစ်သည့် ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းစုကြီး Nestle S.A ၏ P/B အချိုးသည် ၆ ဖြစ်ပြီး ၎င်း၏ အိန္ဒိယလက်ခွဲ ကုမ္ပဏီသည် ၈၂ အထိပင် ရှိနေပါသည်။ 3M USA ၏ P/B အချိုးသည် ၄.၂၊ ၎င်း၏ အိန္ဒိယလက်ခွဲ၏ အချိုးမှာ ၁၂.၇ ဖြစ်ပါသည်။ ဓာတုထုတ်ကုန်လုပ်ငန်းများတွင် ကမ္ဘာ့ဦးဆောင်နေရာ၌ ရှိနေသော BASF ၏ ဂျာမနီကုမ္ပဏီ အချိုးသည် ၁ ရှိချိန်၌ ၎င်း၏ အိန္ဒိယလက်ခွဲ ကုမ္ပဏီမှာ ၄ ရှိပါသည်။ ဂျာမန် နည်းပညာလုပ်ငန်းကြီး Siemens ၏ P/B အချိုး ၂ ရှိချိန်၌ ၎င်း၏ အိန္ဒိယအခြေစိုက် ကုမ္ပဏီခွဲ၏ အချိုးမှာ ၁၀ ရှိသည်။ ဤကွာဟချက်များသည် အလွန်ကြီးမားပြီး အချို့နေရာများ၌ အိန္ဒိယကုမ္ပဏီခွဲ တစ်ခုတည်း၏ တန်ဖိုးသည်ပင်လျှင် မိခင်ကုမ္ပဏီထက် ပိုများကောင်း များနေနိုင်ပါသည်။
အဘယ်ကြောင့် ဆိုခဲ့ပါ မိခင်ကုမ္ပဏီကြီးများနှင့် အိန္ဒိယ ကုမ္ပဏီခွဲကြားတွင် P/B အချိုးတွက်ချက်ရာ၌ ဤမျှအထိ ကွာဟချက်ကြီး ရှိနေရပါသနည်း။ မိခင်ကုမ္ပဏီများက ၎င်းတို့၏ ပြည်တွင်းစျေးကွက်တွင် တိုးတက်မှု ကျဆင်းလာနေချိန်၌ အိန္ဒိယကုမ္ပဏီများတွင်မူ ပိုကောင်းသည့် ဖွံ့ဖြိုးမှုအလားအလာ၊ အမြတ်အစွန်းပိုများမှု၊ ရင်းမြစ် (Asset) များကို ပိုမိုထိရောက်စွာ အသုံးချမှုတို့ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။ ထို့အတွက်ကြောင့်ပင် နိုင်ငံစုံကုမ္ပဏီကြီးတိုင်းသည် အိန္ဒိယစျေးကွက်သို့ ဝင်ရောက်ရန် ဗျူဟာတစ်ရပ် ရှိဖို့ လိုအပ်နေခြင်းဖြစ်ကာ မရှိခဲ့ပါက ကုမ္ပဏီအဖို့ ယနေ့ကမ္ဘာကြီးတွင် အာမခံချက် အရှိဆုံး စျေးကွက်အခွင့်အလမ်းတစ်ခုကို လက်လွတ်သွားမည် ဖြစ်ပေသည်။
P/B အချိုးသည် ကုမ္ပဏီတစ်ခု၏ ရင်းမြစ်ပိုင်ဆိုင်မှုများအား စျေးကွက်က မည်ကဲ့သို့ တန်ဖိုးသတ်မှတ်သည်ကို ကိုယ်စားပြုသည်။ ပိုကောင်းသည့် ဖွံ့ဖြိုးမှုအလားအလာများ (ဝင်ငွေတိုးတက်မှုနှင့် တိုင်းတာသည်)၊ အမြတ်အစွန်း ပိုရသည့် လုပ်ငန်းစီမံကိန်းများ (အမြန်အစွန်းနှင့် ရောင်းချမှုအချိုးဖြင့် တိုင်းတာသည်)၊ ပိုမိုထိရောက်စွာ အသုံးချနိုင်သည့် လုပ်ငန်းရင်းမြစ်များ (အရောင်းနှင့် ရင်းမြစ်အချိုးဖြင့် တိုင်းတာသည်)၊ ငွေလုံးငွေရင်းလိုအပ်ချက် ပိုနည်းခြင်းတို့ ရှိနေသည့် ကုမ္ပဏီများတွင် ဤအချိုးသည် ပမာဏပိုများသည်။
အိန္ဒိယ ကုမ္ပဏီခွဲများအဖို့ကတော့ ရင်းနှီးရန်လိုအပ်ငွေ ပိုနိမ့်မှုသည် ပိုမြင့်သော P/B အချိုး ရရှိစေသည့် အကြောင်းရင်းတစ်ရပ် မဟုတ်ပေ။ ကုမ္ပဏီတစ်ခု၏ ရင်းနှီးမ,တည်ငွေ ကုန်ကျစရိတ်ကို သူ့နိုင်ငံ၏ အာဏာပိုင်များ သတ်မှတ်သည့် နှုန်းထားဖြင့် ကန့်သတ်ထားသည်။ အိန္ဒိယ၏ BBB (အလယ်အလတ်အဆင့် အရည်အသွေး) ချေးငွေနှုန်းထားသည် အမေရိကန်၊ ဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ AAA (အထက်တန်းအဆင့် အရည်အသွေး) နှုန်းထားထက် အများကြီး ပို၍နိမ့်သည်။ ထို့အတွက်ကြောင့် နေရာစုံ၌ တန်းတူဖြစ်နေရန်မှာ မလွယ်ကူလှသဖြင့် အိန္ဒိယကုမ္ပဏီခွဲတစ်ခုအတွက် ငွေလုံးငွေရင်း လိုအပ်ချက်သည် G7 နိုင်ငံတစ်ခုခုတွင် ရှိနေသည့် သူ့မိခင်ကုမ္ပဏီ၏ လိုအပ်ချက်ထက် ပိုမိုနည်းပါးခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ပိုမြင့်သည့် P/B အချိုးပမာဏသည် အကျိုးအမြတ် ပိုများခြင်းသော်လည်းကောင်း၊ ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်နှုန်း အလားအလာ ရှိနေခြင်းနှင့်သော်လည်းကောင်း ဆက်စပ်နေရခြင်း ဖြစ်လေသည်။
ပြီးခဲ့သည့် ငါးနှစ်တာအတွင်း အိန္ဒိယ Unilever ၏ ဝင်ငွေသည် စုစုပေါင်း နှစ်ပတ်လည်တိုးတက်မှုနှုန်း (Compounded Annual Growth Rate, CAGR) သည် ၉.၆ ရာခိုင်နှုန်းရှိခဲ့သည်။ ၎င်းသည် Unilever မိခင်ကုမ္ပဏီ၏ CAGR ၂.၂ ရာခိုင်နှုန်းထက် လေးဆအထိ ပိုမြန်နေခြင်းလည်း ဖြစ်သည်။ သတိပြုရမည်မှာ မိခင်ကုမ္ပဏီ၏ CAGR တွင် အိန္ဒိယကုမ္ပဏီခွဲကိုပါ ထည့်သွင်းတွက်ချက်ထားသည် ဆိုသောအချက်ဖြစ်သည်။ အိန္ဒိယပမာဏကို နှုတ်လိုက်ပါက မိခင်ကုမ္ပဏီခွဲ၏ CAGR မှာ ၂.၂ ထက် ပို၍ပင် နိမ့်ဆင်းသွားဦးမည်ဖြစ်သည်။ အမြတ်အစွန်းဘက်ကို ကြည့်ပါကလည်း အိန္ဒိယကုမ္ပဏီခွဲ၏ ရင်းမြစ်များမှ ဝင်ငွေမှာ ၁၁ ရာခိုင်နှုန်းရှိပြီး မိခင်ကုမ္ပဏီ၏ ၈ ရာခိုင်နှုန်းအဝင်ထက် ပိုများနေပြန်သည်။ အံ့သြစရာကောင်းသည်မှာ အိန္ဒိယကုမ္ပဏီခွဲ၏ အမြတ်ပမာဏသည် ၁၇ ရာခိုင်နှုန်းရှိကာ မိခင်ကုမ္ပဏီ၏ ၁၃ ရာခိုင်နှုန်းထက် ပိုမြင့်မားနေသည့်အချက် ဖြစ်သည်။
ဤအချက်မှာ အံ့သြစရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယတွင် Unilever က ပစ်မှတ်ထားသည့် စားသုံးကုန်အုပ်စု၏ ဝယ်ယူအားသည် နိမ့်ကျသဖြင့် ၎င်း၏ ထုတ်ကုန်များသည် ပို၍ စျေးချိုနေသောကြောင့် ဖြစ်လေသည်။ စျေးကွက်ကို ပိုမိုအာရုံစိုက်ခြင်းနှင့် စျေးနှုန်းသတ်မှတ်နိုင်အား ပိုကောင်းခြင်းကြောင့် အမြတ်အစွန်း ပိုများနိုင်သည်။ သို့သော် ဤအချက်မှာလည်း ဖြစ်နိုင်ခြေ ရှိမနေပေ။ အဘယ်ကြောင့်ဆိုသော် အဆိုပါစျေးကွက်တစ်ခုတည်း၌ Colgate ကဲ့သို့သော နိုင်ငံစုံကုမ္ပဏီများ၊ Patanjali Ayurved ကဲ့သို့ ဖန်တီးအားကောင်းသည့် ပြည်တွင်းပြိုင်ဘက်များ၊ ၎င်းတို့ထက် ပို၍စျေးချိုသော အခြားတံဆိပ်များ အမျိုးစုံရရှိနိုင်မှု အပါအဝင် အခြားအရင်းအမြစ်များ၏ ပြင်းထန်သည့် ပြိုင်ဆိုင်မှုများကြောင့် ဖြစ်သည်။
သို့အတွက်ကြောင့် အမြတ်အစွန်းပိုများမှုသည် အိန္ဒိယတွင် ထုတ်လုပ်မှုနှင့် ဖြန့်ချိမှု ကုန်ကျစရိတ် ပိုမိုနည်းပါးခြင်း ကြောင့်သာ ဖြစ်နိုင်ခြေရှိနေသည်။ အမှန်တကယ်လည်း အိန္ဒိယတွင် ထုတ်လုပ်ဖြန့်ချိမှု ကုန်ကျစရိတ်သည် ပိုမိုသက်သာလေသည်။
အခြားသော နိုင်ငံစုံကုမ္ပဏီကြီးများတွင်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်သည်။ Nestle ၏ မိခင်ကုမ္ပဏီက အမြတ်အစွန်း ၉.၈ ရာခိုင်နှုန်းရှိချိန်၌ အိန္ဒိယကုမ္ပဏီခွဲသည် ၁၄.၂ ရှိသည်။ အရောင်းနှင့်ရင်းမြစ်အချိုး (Sales-to-Assets Ratio) မှာလည်း ၁၉၆ ရာခိုင်နှုန်းအထိပင် ရှိနေပြီး မိခင်ကုမ္ပဏီမှာ ၆၉ ရာခိုင်နှုန်းသာရှိသည်။ Siemens ၏ အိန္ဒိယကုမ္ပဏီခွဲက အမြတ် ၁၀.၆ ရာခိုင်နှုန်းရှိပြီး မိခင်ကုမ္ပဏီမှာ ၄.၈ ရာခိုင်နှုန်းရှိသည်။ အရောင်းနှင့် ရင်းမြစ်အချိုးမှာလည်း မိခင်ကုမ္ပဏီက ၅၁ ရာခိုင်နှုန်းရှိချိန်၌ အိန္ဒိယလက်ခွဲမှာ ၉၁ ရာခိုင်နှုန်းရှိသည်။
စျေးကွက်ဖွံ့ဖြိုးမှု၊ ရင်းမြစ်အသုံးချမှု၊ အမြတ်အစွန်းရရှိမှုစသည့် မျက်နှာစာ အားလုံးနီးပါး၌ အိန္ဒိယစျေးကွက်သည် နိုင်ငံစုံကုမ္ပဏီကြီးများ၏ ဌာနေစျေးကွက်ထက် ပို၍ရင်ခုန်စရာကောင်းသည့် အလားအလာကောင်းများ ဆောင်ကြဉ်းပေးနေကြောင်းကို ဤကိန်းဂဏန်းများက ဖော်ပြလျက်ရှိသည်။
ကြီးထွားလာနေသည့် အိန္ဒိယစျေးကွက်
အိန္ဒိယသည် စားသုံးကုန်များအတွက် မြို့ပြလူလတ်တန်းစား အလွာ မြန်မြန်ဆန်ဆန် ကြီးထွားလာသည်ကို နှစ်သက်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ်က ဤအချက်ကို “ကိန်းဂဏန်း အကြီးအကျယ် အတက်အကျနှင့် ပတ်သက်လျှင် ၂၁ ရာစု၏ အကြီးမားဆုံးသော မြို့ပြအခြေအနေ ပြောင်းလဲဖြစ်ထွန်းမှုသည် … အိန္ဒိယတွင် ဖြစ်ပေါ်နေသည်” ဟု ဂရုတစိုက် ထောက်ပြထားသည်။ အိန္ဒိယ၏ လူလတ်တန်းစား ပမာဏသည် ၂၀၀၅ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်း ရှိခဲ့ရာက ၂၀၂၁ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၄၇ ခုနှစ်သို့ရောက်လျှင် ၆၃ ရာခိုင်နှုန်းအထိ မြင့်တက်လာမည်ဟုလည်း ခန့်မှန်းရသည်။
အလားတူခန့်မှန်းချက်မျိုး Frost & Sullivan ထံမှလည်း ထွက်ပေါ်ခဲ့သည်။ အိန္ဒိယတွင် လူလတ်တန်းစား ပမာဏသည် ပိုမိုကြီးထွားလာနေပြီး ၂၀၁၉ ခုနှစ်တွင် ၂၈.၅ ရာခိုင်နှုန်း ရှိရာက ၂၀၃၀ ခုနှစ်သို့ ရောက်လျှင် နှစ်ဆတိုးကာ ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်မည်ဖြစ်ကာ တစ်ချိန်တည်း၌ ဆင်းရဲသားလူတန်းစား အရေအတွက်မှာလည်း ဆက်လက်ကျဆင်းနေမည်ဟု Frost & Sullivan က ခန့်မှန်းသည်။ ၂၀၂၀ ခုနှစ်က အမေရိကန်ဒေါ်လာ တန်ဖိုးအရ ဝင်ငွေဒေါ်လာ ၆၇၀၀ နှင့် ၄၀,၀၀၀ ကြားရှိသော အိန္ဒိယမိသားစု များကို အလယ်အလတ်တန်းစားအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ ဤပမာဏသည် ဝယ်လိုအားအရနှိုင်းယှဉ်လျှင် အမေရိကန်ပြည်ထောင်စု၌ ဒေါ်လာ ၂၂,၇၀၀ နှင့် ၁၃၆,၀၀၀ ကြားဝင်ငွေရှိသော မိသားစုများနှင့် ညီမျှသည်။
အိန္ဒိယမှာ လူဦးရေအလွန်များပြားသဖြင့် လူလတ်တန်းစားအတွင်း ရာခိုင်နှုန်းအနည်းငယ်မျှသော အပြောင်းအလဲသည်ပင်လျှင် အထူးသိသာထင်ရှားသည်။ အိန္ဒိယနိုင်ငံ၏ လက်ရှိလူဦးရေသည် ၁.၄၃ ဘီလျံရှိပြီး ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံ ဖြစ်သည်။ အမေရိကန်၏ လူဦးရေမှာ ၃၃၄ သန်းရှိကာ ဥရောပနိုင်ငံစုစုပေါင်း၏ လူဦးရေမှာ ၄၄၇ သန်းဖြစ်သဖြင့် အိန္ဒိယ၏ လူဦးရေသည် အဆိုပါ အုပ်စုနှစ်စု ပေါင်းထားသော အရေအတွက်ထက် နှစ်ဆခန့် ပိုများနေသည်။ ၂၈.၅ မှ ၅၃.၈ အထိ ၂၅ ရာခိုင်နှုန်းခန့် အပြောင်းအလဲဆိုလျှင်ပင် လက်ရှိလူဦးရေနှင့်တွက်ပါက လူသန်းပေါင်း ၃၅၀ ခန့်ရှိသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ လူဦးရေထက်ပင် ပိုများနေပေသည်။
အိန္ဒိယတွင် မြို့ပြလူလတ်တန်းစား ကြီးထွားလာမှုသည် အချက်သုံးချက် ပေါင်းဆုံလာခြင်းကြောင့် ဖြစ်သည်။ ဤသုံးချက်မှာ မြို့ငယ်များကို မြို့ပြပုံစံ မြန်မြန်ဆန်ဆန် ဖော်ဆောင်ခြင်း၊ ကျေးလက်မှပြည်သူများသည် ပိုမိုကောင်းမွန်သည့် လုပ်ငန်းအခွင့်အလမ်းများ ရှာဖွေရန်အတွက် မြို့ပေါ်ဧရိယာများသို့ ပြောင်းရွှေ့လာကြခြင်း၊ ပြည်သူများ၏ အခြေအနေသည် ဝမ်းစာဖူလုံရုံ စားသောက်နေထိုင်ရသည့် အဆင့်မှ ငွေပိုငွေလျှံ လက်ဝယ်ထားနိုင်သည့် အဆင့်၊ ဘဝရည်မှန်းချက် ထားနိုင်သည့်အဆင့်သို့ တိုးတက်လာခြင်းတို့ ဖြစ်လေသည်။
လူဦးရေ တစ်သန်းမှ နှစ်သန်းခွဲခန့်အထိရှိသည့် မြို့ငယ်များသည် အလွန်ကြီးမားသည့် ရာခိုင်နှုန်းဖြင့် ကြီးထွားနေကြပြီး တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းအထိ ရှိနေသည်။ မြို့ ၁၆ မြို့တွင် လူငယ်အရေအတွက် တဟုန်ထိုးမြင့်တက်လာနေသည့် အတွက် ထိုမြို့များကို ပေါက်ကွဲနှုန်းပြင်းသည့်မြို့ (Boomtown) များအဖြစ် သတ်မှတ်ထားသည်။ ထိုမြို့များ၌ လူလတ်တန်းစား အရေအတွက်သည် ပိုမိုများပြားလာနေပြီး မြို့ပြလူလတ်တန်းစား ကြီးထွားနှုန်းကို အားပြင်းပြင်းဖြင့် တွန်းတင်လျှက်ရှိသည်။ မြို့နေလူဦးရေ ၁၀ သန်းအထက်တွင် ရှိကြသည့် မွမ်ဘိုင်း၊ ဒေလီ၊ ဘန်ဂလောကဲ့သို့ မဟာမြို့ကြီးများသည် ဖွံ့ဖြိုးကြီးထွားမှုကို နည်းလမ်းနောက်တစ်မျိုးဖြင့် အားဖြည့်နေကြသည်။ ထိုမြို့ကြီးများ၌ ဖန်စီကားပိုင်၊ ဇိမ်ခံနေအိမ်ပိုင်၊ နိုင်ငံတကာ အပန်းခြေစခန်းများသို့ အပျော်ခရီးထွက်နိုင်ကြသော ဇောတိကသူဌေး အရေအတွက်သည် နှစ်စဉ် ၁၀ ရာခိုင်နှုန်းနီးပါးစီ တိုးပွားလာနေသည်။ ဤကဲ့သို့သော မြို့ပြဖွံ့ဖြိုးမှုမျိုးကို မည်သည့် နိုင်ငံစုံကုမ္ပဏီကြီးကမှ လျစ်လျူရှုခြင်းငှာ မစွမ်းသာကြပါပေ။
အိန္ဒိယနိုင်ငံ၏ ကိန်းဂဏန်းများကို အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုမြင်သာပါလိမ့်မည်။ ဘရွတ်ကင်းအင်စတီကျု၏ အစီရင်ခံစာ တစ်ရပ်၌ ကမ္ဘာတစ်ဝန်းတွင် ၂၀၁၅ မှ ၂၀၂၂ ခုနှစ်အတွင်း လူလတ်တန်းစားအဆင့်သို့ ဝင်ရောက်လာကြသည့် လူဦးရေသည် ၁.၀၆ ဘီလျံရှိသည်ဟု ဖော်ပြထားသည်။ ထိုအထဲတွင် အိန္ဒိယမှ လူဦးရေ သန်း ၃၈၀ ခန့်၊ တရုတ်မှ သန်း ၃၅၀ ခန့်ပါဝင်သည်။ မည်သည့် နိုင်ငံကမှ အဆိုပါ ပမာဏများ၏ ထက်ဝက်ခန့်ကိုပင် လက်လှမ်းမမီကြပေ။ စိတ်ဝင်စားဖွယ်ကောင်းသည့် အချက်တစ်ခုမှာ ၂၀၃၀ ခုနှစ်တွင် အမေရိကန် လူလတ်တန်းစား၏ စုစုပေါင်း ဝယ်လိုအားသည် (၂၀၁၁ ခုနှစ်က ဒေါ်လာတန်ဖိုးဖြင့် တွက်ချက်မှုအရ) ၂၀၁၅ ခုနှစ်က ဝယ်လိုအားဖြစ်သော ၄.၇ ထရီလီယံတန်ဖိုး အတိုင်းရှိမည်ဟူသော ခန့်မှန်းချက်ဖြစ်သည်။
ကမ္ဘာ့လူလတ်တန်းစားများ ဝယ်ယူစားသုံးအား အံ့အားသင့်ဖွယ်ရာ ကြီးထွားမှုသည် အိန္ဒိယမှ ပေါ်ထွက်လာမည် ဖြစ်သည်။ အိန္ဒိယ လူလတ်တန်းစား၏ ဝယ်လိုအားတန်ဖိုးသည် ၂၀၁၅ ခုနှစ်တွင် (အမေရိကန်ထက် ထက်ဝက်အောက် လျော့နည်းပြီး) ၂.၁ ထရီလီယံသာ ရှိခဲ့သော်လည်း ၂၀၃၀ ခုနှစ်အရောက်တွင်မူ (အမေရိကန်ထက် နှစ်ဆကျော် ပိုများပြီး) ၁၀.၇ ထရီလီယံအထိ ရှိလာနိုင်သည်။ နှစ်ခုလုံးကို ၂၀၁၁ ဒေါ်လာတန်ဖိုးဖြင့် တွက်ထားခြင်း ဖြစ်သည်။ တရုတ်သည်လည်း ဝယ်ယူစားသုံးမှု တန်ဖိုး ၁၄.၃ ထရီလီယံဖြင့် ကမ္ဘာ့အကြီးမားဆုံး လူလတ်တန်းစားတည်ရှိရာ နိုင်ငံ ဖြစ်လာမည်ဟု ယူဆရသည်။ နောက်ထပ်ကြီးထွားမှုမှာ အင်ဒိုနီးရှားဖြစ်ပြီး တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့ပြီးလျှင် ဝယ်ယူစားသုံးအား စတုတ္ထအကြီးဆုံး လူလတ်တန်းစားရှိသောနိုင်ငံ ဖြစ်လာမည်ဟု ခန့်မှန်းရသည်။ သို့သော်လည်း အင်ဒိုနီးရှား၏ စုစုပေါင်း ဝယ်လိုအားတန်ဖိုးမှာ ၂.၄ ထရီလီယံဖြစ်သဖြင့် အိန္ဒိယတန်ဖိုး၏ လေးပုံတစ်ပုံ အရွယ်သာရှိမည် ဖြစ်သည်။
ဤအချက်အလက်များသည် အမျိုးသား စုစုပေါင်း ဖွံ့ဖြိုးမှုနှုန်းထား အချက်အလက် များနှင့်လည်း ကိုက်ညီမှုရှိနေသည်။ ၂၀၁၀-၂၀၁၉ ကာလအတွင်း အိန္ဒိယ၏ အမှန်တကယ် စုစုပေါင်းပြည်တွင်းထုတ်ကုန် ဖွံ့ဖြိုးမှုနှုန်း (GDP) သည် ၆.၉ ရာခိုင်နှုန်းရှိခဲ့ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံများအနက် ဒုတိယအမြန်ဆုံး နှုန်းထားဖြစ်ကာ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ နှုန်းထက် သုံးဆကျော် ပိုမိုမြန်ဆန်နေကြောင်း ဂိုးမန်းဆက်ချ် (Goldman Sachs) က တွက်ချက်ထားသည်။ ၂၀၂၀-၂၀၂၉ ဆယ်စုနှစ်အတွင်း အိန္ဒိယ၏ ဖွံ့ဖြိုးမှုနှုန်းသည် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်ကာ သူ့နောက်တွင် တရုတ်၊ ဖိလစ်ပိုင်၊ တူရကီနှင့် အီဂျစ်တို့ ရှိကြမည်ဟု မျှော်လင့်ရသည်။
မည်သည့် ဖွံ့ဖြိုးပြီးနိုင်ငံကမျှ အိန္ဒိယဖွံ့ဖြိုးမှုနှုန်းထား၏ ထက်ဝက်ခန့်ကိုပင် အမီလိုက်နိုင်ခြင်း မရှိပေ။ ၂၀၅၀ ခုနှစ်အရောက်တွင် အိန္ဒိယ၏ အမှန်တကယ်ဂျီဒီပီသည် အကြမ်းထည်ကိန်းဂဏန်းအားဖြင့် ဥရောပသမဂ္ဂ၏ ဂျီဒီပီစုစုပေါင်းကို ကျော်လွန်သွားတော့မည်ဖြစ်သည်။ ဝယ်နိုင်အားနှိုင်းယှဉ်မှုနှင့် တန်းတူထားပြီး တွက်ပါက အိန္ဒိယ၏ ဂျီဒီပီသည် ဥရောပသမဂ္ဂထက် သုံးဆအထိ အလွယ်တကူ ကျော်တက်သွားနိုင်သည်။ ၂၀၇၅ ခုနှစ်အရောက်တွင် ကမ္ဘာ့ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံအဖြစ် တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့ အစဉ်လိုက် ရှိနေမည်ဟု ယူဆရသည်။ ၎င်းသုံးနိုင်ငံ၏ ဖွံ့ဖြိုးမှုနှုန်းထားနှင့် နီးစပ်သည့်နိုင်ငံ ရှိဦးမည်မဟုတ်ပေ။ ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ၎င်းတို့နောက်၌ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်နှင့် အီဂျစ်နိုင်ငံတို့ ရှိနေသော်လည်း ဤနိုင်ငံများသည် ဆိုခဲ့ပါ ထိပ်တန်းသုံးနိုင်ငံထဲမှ တစ်နိုင်ငံချင်း တိုးတက်မှုနှုန်းထား၏ သုံးပုံတစ်ပုံပင် ရှိသည်မဟုတ်ပေ။
နိုင်ငံစုံကုမ္ပဏီကြီးများအတွက် သင်ခန်းစာများ
အိန္ဒိယနိုင်ငံ၏ ယေဘုယျဖွံ့ဖြိုးမှုနှင့် လူလတ်တန်းစား ကြီးထွားလာမှု အချက်အလက်များအရ ကြည့်ပါက နိုင်ငံစုံကုမ္ပဏီကြီးများ၏ အိန္ဒိယလက်ခွဲများသည် ၎င်းတို့၏ တိုးတက်ဖွံ့ဖြိုးမှု အခွင့်အလမ်းများကြောင့် အထူးတန်ဖိုးရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ နိုင်ငံစုံကုမ္ပဏီတိုင်းသည် အိန္ဒိယ၏ မြန်မြန်ဆန်ဆန် ကြီးထွားလာနေသည့် မြို့ပြလူလတ်တန်းစား ထံမှ အကျိုးအမြတ် ရှာဖွေနိုင်ရေးအတွက် အိန္ဒိယဗျူဟာတစ်ရပ် လိုအပ်နေပြီဖြစ်သည်။ အောက်ဖော်ပြပါ အကြံပြုချက် သုံးရပ်ကို လိုက်နာနိုင်ပါက အဆိုပါကုမ္ပဏီကြီးများသည် အောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်။
- အိန္ဒိယအတွက် လိုအပ်နေသည့် ရင်းမြစ်ထောက်ပံ့မှု (Resource Commitment) ကို အလေးထားဆောင်ရွက်ပါ။ ဤသို့ဆောင်ရွက်ရာ၌ ထုတ်ကုန်ဒီဇိုင်း၊ ကုန်ထုတ်လုပ်မှုနှင့် စျေးကွက်စွမ်းဆောင်ရည်များကို ဒေသပုံစံနှင့် အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။
- အိန္ဒိယယဉ်ကျေးမှု၊ တန်ဖိုး၊ စံနှုန်း၊ အလေ့အထ၊ ပြင်းထန်သည့်အပူချိန်၊ လေအေးပေးစက် အသုံးပြုနိုင်စွမ်း နည်းပါးမှု၊ ဘာသာစကားမျိုးစုံ ရောပြွမ်းတည်ရှိမှု၊ ဒေသန္တရဥပဒေပေါင်းစုံ ရှိနေမှုတို့ကို နားလည်အောင်လုပ်ပြီး ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ၎င်းတို့နှင့် ကိုက်ညီအောင် ညှိယူပါ။ သတိပြုရမည်မှာ အိန္ဒိယ တစ်နိုင်ငံတည်းအတွင်း၌ ယဉ်ကျေးမှုနှင့် ဘာသာစကား ပေါင်းစုံတည်ရှိနေသည့်အချက် ဖြစ်သည်။ အိန္ဒိယတွင် မတူသည့် အက္ခရာ ၆၆ မျိုးဖြင့် ရေးသားကြသည့် ဘာသာစကားပေါင်း ၇၈၀ ကျော် ရှိကာ ၎င်းတို့အနက် ဘာသာစကား ၂၂ မျိုးကို တရားဝင်အဖြစ် သုံးစွဲကြပြီး အဆိုပါ ၂၂ မျိုးလုံးတွင်လည်း ရေးထုံးများ သီးခြားစီရှိကြသည်။
- အိန္ဒိယတွင် လူထုကို လူကိုယ်တိုင်မလို၊ စာရွက်မလို၊ ငွေသားမလိုသည့် ဒီဂျစ်တယ် ဝန်ဆောင်မှု ခေတ်သို့ ခေါ်ဆောင်သွားရည်ရွယ်သည့် ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲနှင့် ဒီဂျစ်တယ် အဆောက်အဦပလက်ဖောင်း အင်အားအစုအဝေးကြီး ရှိသည်။ ဤအင်အားစုကြီး၏ အရှိန်အဟုန်ကို အသုံးချပါ။ ၎င်း၏ စွမ်းရည်ကို ၂၀၁၀ ခုနှစ်က ဆောင်ရွက်ချက်ဖြင့် အကဲဖြတ်နိုင်သည်။ ထိုစဉ်က အိန္ဒိယသား အကုန်လုံးနီးပါး၌ အမေရိကန်တွင် အသုံးပြုသည့် လူမှုဖူလုံရေးနံပါတ် (Social Security Number) ကဲ့သို့ သီးသန့်မှတ်ပုံတင် မရှိကြသေးသော်လည်း ယခုအခါ အိန္ဒိယပြည်သူ ၁.၂ ဘီလျံကျော်သည် ကိုယ်ပိုင်ဘဏ်အကောင့်များနှင့် ချိတ်ဆက်ထားပြီး ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ ပါဝင်သည့် ဒီဂျစ်တယ် နိုင်ငံသားစိစစ်ရေး လက်မှတ်များ ကိုင်ဆောင်ထားကြပြီ ဖြစ်သည်။
အိန္ဒိယတွင် ယခုအခါ သီးသန့်ဖန်တီးထားသည့် စုပေါင်း ငွေပေးချေမှု စနစ်တစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပြီဖြစ်ရာ လူတိုင်းနီးပါးသည် ဘဏ်အကောင့်ကို အသုံးပြုကာ ဒီဂျစ်တယ်နည်းလမ်းဖြင့် ငွေပေးချေမှု၊ ငွေလွှဲ၊ငွေလက်ခံမှုတို့အတွက် စမတ်ဖုန်းများ အသုံးပြုနေကြပြီ ဟူသည့်သဘော သက်ရောက်နေသည်။ ကမ္ဘာ့စျေးအချိုဆုံးနှုန်းထားဖြင့် ရရှိသည့် အင်တာနက်ဖြင့် ချိတ်ဆက်ထားသော စမတ်ဖုန်းများ ကိုင်ဆောင်ထားကြသည့် အလယ်အလတ်တန်းစား လူပုဂ္ဂိုလ်အားလုံးနီးပါးက ကြီးထွားလာနေသည့် E-commerce အဆောက်အဦနှင့် စွမ်းဆောင်ရည်များအား ပါဝင်အားဖြည့်လျက်ရှိသည်။ အိန္ဒိယရှိ ဒီဂျစ်တယ်နည်းပညာကို အသုံးပြုပြီး ဖန်တီးထားသည့် ပို့ဆောင်ထောက်ပံ့ရေး၊ ငွေပေးချေရေးနှင့် ဖြန့်ချိရေး စနစ်များသည် အနောက်တိုင်း၏ အဆိုပါ လုပ်ငန်းနယ်ပယ်များထက် မိုင်ပေါင်းများစွာ ပိုခရီးရောက်နေပြီဖြစ်ကာ ကမ္ဘာကြီးက အားကျနေရပြီဖြစ်သည်။
အနှစ်ချုပ်ဆိုရသော် နိုင်ငံစုံကုမ္ပဏီကြီးများ၏ အိန္ဒိယလက်ခွဲများတွင် P/B အချိုး မြင့်မားခြင်းသည် မကြာမီ၌ ကမ္ဘာ့အကြီးဆုံး စားသုံးသူစျေးကွက်ကြီး ဖြစ်လာတော့မည့် အရာ၏ တန်ဖိုးကို ဖော်ပြနေခြင်း ဖြစ်သည်။ ထုတ်လုပ်သူနှင့် စားသုံးသူအကြား တိုက်ရိုက်ဆက်သွယ်ထားသည့် B2C (Business to Consumer) ကုမ္ပဏီတိုင်းသည် ဤအချက်ကို သတိပြုရမည် ဖြစ်သလို အိန္ဒိယစျေးကွက်ဆိုင်ရာ မဟာဗျူဟာတစ်ရပ် (India Strategy) လည်း ရှိထားရန် လိုအပ်သည်။ ဤဗျူဟာက အိန္ဒိယစျေးကွက်သို့ ဝင်ရောက်ရန်အတွက် သင့်လျော်သည့် အစီအစဉ်တစ်ရပ်နှင့်အတူ ထိုသို့ ဝင်ရောက်စဉ် ကြီးမားသောအမြတ်အစွန်းနှင့် ထိရောက်သော ငွေလုံးငွေရင်းအသုံးချမှုတို့ကိုပါ ဖန်တီးပေးနိုင်ရမည် ဖြစ်သည်။
အရေးကြီးသည်မှာ အစီအစဉ်များကို ပြန်သုံးသပ်ပြီး အိန္ဒိယစျေးကွက်အတွက် ရည်ရွယ်သည့် ထုတ်ကုန်များ ဖန်တီးရန်၊ ၎င်းတို့ကို အိန္ဒိယတွင် ထုတ်လုပ်ရန်၊ အိန္ဒိယမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အသုံးပြုရန်၊ ဒေသန္တရ ဖြန့်ချိရေး လမ်းကြောင်းများနှင့် ဒီဂျစ်တယ်နည်းပညာပိုင်းအရပါ အဆင်ပြေသည့် အဆောက်အဦများကို အသုံးပြုပြီး ဖြန့်ချိရန်ဟူသည့် လိုရင်းသဘော ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု၌ အောင်မြင်ခဲ့သည်ကို တသဝေမတိမ်း ကူးချပြီး အိန္ဒိယတွင် အကောင်အထည်ဖော်ခြင်းမျိုးကား အလုပ်ဖြစ်ဖွယ် မရှိပါပေ။
Harvard Business Review တွင် Vijay Govindarajan, Rajendra Srivastava, Anup Srivastava, နှင့် Aman Rajeev Kulkarni တို့ပူးပေါင်းရေးသားထားသည့် Does Your Company Have an India Strategy? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။