အိန္ဒိယကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု အရေအတွက် စိုးရိမ်ဖွယ်ရာ မြင့်တက်

အမျိုးသား ရာဇဝတ်မှတ်တမ်း ဗျူရို၏ အချက်အလက်များကို အခြေခံ ပြုစုထားပြီး “ကျောင်းသား သေကြောင်းကြံစည်မှုများ - အိန္ဒိယတခွင် ကျယ်ပြန့်လာနေသည့် ကပ်ဆိုးကြီးတစ်ရပ်” ဟု အမည်ပေးထားသည့် အစီရင်ခံစာက ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။

By Admin 30 Aug 2024

ဓာတ်ပုံ - Getty Images
ဓာတ်ပုံ - Getty Images

အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြသည့် အရေအတွက်သည် လူဦးရေကြီးထွားမှု အချိုးကို ကျော်လွန်သွားသည်အထိ မြင့်တက်လာနေကြောင်း အစီရင်ခံစာတစ်စောင်၏ ဖော်ပြချက်ကို ကိုးကားပြီး Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမျိုးသား ရာဇဝတ်မှတ်တမ်း ဗျူရို၏ အချက်အလက်များကို အခြေခံ ပြုစုထားပြီး “ကျောင်းသား သေကြောင်းကြံစည်မှုများ - အိန္ဒိယတခွင် ကျယ်ပြန့်လာနေသည့် ကပ်ဆိုးကြီးတစ်ရပ်” ဟု အမည်ပေးထားသည့် အစီရင်ခံစာက ယခုကဲ့သို့ ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သော နှစ်ပေါင်း ၂၀ အတွင်း အိန္ဒိယကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ပမာဏသည် ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု IC3 အင်စတီကျုက ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာ၌ ဖော်ပြသည်။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း အသက် ၂၄ နှစ်အောက် လူဦးရေသည် ၅၈၂ သန်းမှ ၅၈၁ သန်းသို့ ကျဆင်းခဲ့သည်။ သို့သော်လည်း ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည့် ပမာဏမှာ ၆၆၅၄ ဦးမှ ၁၃,၀၄၄ ဦးအထိ မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွင်း ကျောင်းသား အဆုံးစီရင်မှုများအနက် ၅၃ ရာခိုင်နှုန်းမှာ အမျိုးသားများ ဖြစ်သည်။ အခြားတစ်ဘက်တွင်လည်း ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့အတွင်း ကျောင်းသားများ အဆုံးစီရင်မှုသည် ၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး ကျောင်းသူ အဆုံးစီရင်မှုမှာ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်ဟု အစီရင်ခံစာအရ သိရသည်။

အစီရင်ခံစာကို အမျိုးသား ရာဇဝတ်မှတ်တမ်း ဗျူရို၏ အချက်အလက်များအပေါ် အခြေခံ ရေးသားထားခြင်း ဖြစ်သော်လည်း ကျောင်းသားအဆုံးစီရင်မှု အရေအတွက်အမှန်သည် ယခုထက် ပိုများနိုင်ကြောင်းလည်း အစီရင်ခံစာက ဖော်ပြသည်။

အဆုံးစီရင်မှုနှင့် ဆက်စပ်နေသည့် လူမှုရေး အရှုပ်အထွေးများ၊ အိန္ဒိယဥပဒေအရလည်း အဆုံးစီရင်ခြင်းသည် ပြစ်မှုမြောက်ခြင်း အပါအဝင် အခြေအနေအမျိုးမျိုးကြောင့် မှတ်တမ်းမတင်ထားသည့် အဆုံးစီရင်မှုများ အများအပြားရှိနိုင်ကြောင်း အစီရင်ခံစာက ကောက်ချက်ချထားသည်။ အထူးသဖြင့် ကျေးလက်ဒေသများသည် မြို့ပြလောက် စာရင်းကောက်ယူနိုင်ခြင်း မရှိဟု အစီရင်ခံစာက ဖော်ပြသည်။

မိမိတို့၏ ပညာရေးနယ်ပယ်တွင် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို အထူးဦးစားပေး ဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်းကို အစီရင်ခံစာက ဖော်ပြနေသည်ဟု IC3 လုပ်ရှားမှုကို ဦးဆောင်သူ ဂါနက်ရှ်ခိုလီက ပြောကြားထားသည်။