အီရန်ကောင်စစ်ဝန်ရုံးအတွင်း ဝင်ရောက်ရန် အီရတ်ဆန္ဒပြသမားများကြိုးပမ်း၊ အဓိကရုဏ်းဖြစ်ပြီး ၃ ဦး သေဆုံး

အီရတ်ဆန္ဒပြသမားများသည် ၎င်းတို့၏အစိုးရသည် အကျင့်ပျက်လာဘ်စားပြီး နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားကိုသာ ဦးစားပေးသည်ဟု ရှုမြင်လျက်ရှိကာ ဆန္ဒပြနေကြခြင်းဖြစ်ပြီး အောက်တိုဘာလကတည်းက စတင်လာခဲ့သော ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသမား ရာနှင့်ချီကာ သေဆုံးခဲ့ရပြီးဖြစ်သည်။

By Foreign Desk 05 Nov 2019

အီရတ်ဆန္ဒပြသမားများက အီရန်ကောင်စစ်ဝန်ရုံးရှေ့တွင် အီရန်များထွက်သွားဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ Photo Credit - Reuters

အီရတ်ဆန္ဒပြသမားများသည် တနင်္လာနေ့က ရှီးယိုက်မူစလင်တို့၏ အထွတ်အမြတ်မြို့တစ်မြို့ဖြစ်သော ခါဘာလာမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးအတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အီရတ်နိုင်ငံ၌ အာဏာရှင်ဆက်ဒမ်ဟူစိန် ကျဆုံးပြီးနောက်ပိုင်း အကြီးမားဆုံးဟု သတ်မှတ်ရမည့် လူထုဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိသည်။

အီရတ်ဆန္ဒပြသမားများသည် ၎င်းတို့၏အစိုးရသည် အကျင့်ပျက်လာဘ်စားပြီး နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားကိုသာ ဦးစားပေးသည်ဟု ရှုမြင်လျက်ရှိကာ ဆန္ဒပြနေကြခြင်းဖြစ်ပြီး အောက်တိုဘာလကတည်းက စတင်လာခဲ့သော ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသမား ရာနှင့်ချီကာ သေဆုံးခဲ့ရပြီးဖြစ်သည်။

ဆန္ဒပြသမားများသည် တနင်္ဂနွေနေ့က ခါဘာလမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးရှေ့တွင် တာယာများကိုမီးရှို့ကာ ခါဘာလာမှ အီရန်များထွက်သွားဟု ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။

ထို့နောက် ဆန္ဒပြသမားများသည် အီရန်ကောင်စစ်ဝန်ရုံးအတွင်းသို့ အတင်းဝင်ရောက်ရန် ကြိုးပမ်းကြရာမှ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသမား ၃ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့ကြောင်း အီရတ်လူ့အခွင့်အရေးကော်မရှင် (IHCHR) က ထုတ်ပြန်သည်။

ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့သည့် အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ၏ ဝင်ရောက်တိုက်ခိုက်မှု နောက်ပိုင်းကတည်းက အီရတ်တွင်အဓိကအာဏာရယူထားခဲ့သော ရှီးယိုက်နိုင်ငံရေးပါတီများ၏ နောက်ကွယ်တွင် အီရန်နိုင်ငံက အဓိကကြိုးကိုင်နေသည်ဟု ဆန္ဒပြသမားများက ရှုမြင်လျက်ရှိကြသည်။

"အီရန်တွေနဲ့ သူတို့ရဲ့အလိုတူအလိုပါ ပါတီတွေဟာ ကျွန်တော်တို့ကို ဒုက္ခပေးနေတယ်။ ခါဘာလာမှာ အီရန်တစ်ယောက်မှ နေခွင့်ပေးသွားမှာမဟုတ်ဘူး" ဟု ဆန္ဒပြသမားတစ်ဦးက ပြောကြားသည်။

အီရတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အီရန်ကောင်စစ်ဝန်ရုံးအားတိုက်ခိုက်ခဲ့သော ဆန္ဒပြသမားအချို့၏ လုပ်ရပ်ကို ရှုတ်ချလိုက်ပြီး အိမ်နီးချင်းအီရန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ကာကွယ်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

အီရတ်နိုင်ငံ၏မြို့တော် ဘဂ္ဂဒက်တွင်လည်း ပြီးခဲ့သောရက်သတ္တပတ်အတွင်း ဆန္ဒပြပွဲများ အရှိန်မြင့်တက်လျက်ရှိကာ ယခုအပတ်တနင်္လာနေ့တွင်မူ ထောင်နှင့်ချီသောဆန္ဒပြသမားများသည် ဘဂ္ဂဒက်တွင်စုရုံးကာ ဝန်ကြီးချုပ်နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

၂၀၁၇ ခုနှစ်က Islamic State အကြမ်းဖက်အဖွဲ့၏ ထကြွသောင်းကျန်းမှုကို နှိမ်နင်းခဲ့ပြီးနောက်ပိုင်းတွင် အီရတ်နိုင်ငံသည် ယခင်အချိန်ကာလမျှနှင့် နှိုင်းယှဉ်ပါက ၂ နှစ်တာမျှ တည်ငြိမ်အေးချမ်းမှုရရှိခဲ့ပြီး ရေနံသယံဇာတ ကြွယ်ဝလှသော နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း ပြည်သူအများအပြားမှာ ဆင်းရဲမွဲတေမှုကို ခံစားရလျက်ရှိကာ ရေသန့်၊ လျှပ်စစ်မီး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သို့မဟုတ် ပညာရေး တို့ကို ပြည့်ပြည့်ဝဝ ရရှိခံစားခွင့်မရရှိကြပေ။